ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ်ရှိ အမျိုးသားအမှတ်လက္ခဏာကော်မတီနဲ့ ကချင်ပြည်နယ်အစိုးရရဲ့ အသေးစား စက်မှုလက်မှုဦးစီးဌာန တာဝန်ခံ ဦးအောင်မောင်းတို့ အောက်တိုဘာ ၂၇ ရက်နေ့က ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု ဦးစီးဌာနရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

ကချင်လူမျိုးများရဲ့ အမှတ်လက္ခဏာများ မပျက်စီး မပျောက်ပျက်စေဘဲ ခိုင်ခိုင်မြဲမြဲတည်ရှိနေစေဖို့ နဲ့ အမျိုးသမီး အမျိုးသားများအတွက်အသုံးပြုတဲ့ အမှတ်လက္ခဏာများကိုလည်း မမှားယွင်းစေပဲ အသုံးချသွားနိုင်ဖို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
“ကျတော်တို့ရဲ့ အမျိုးသားဝတ်ပုဆိုးမှာ အမျိုးသမီးများမှာအသုံးပြုတဲ့ အရာတွေကို အသုံးပြုလာတာတွေ၊ အမှတ်လက္ခဏာများနဲ့သက်ဆိုင်ပြီး မှားယွင်းစွာ ထုတ်လုပ်နေမှုတွေ မပြုလုပ်ဖို့၊ မပျောက်အပျက်ဖို့ စတာတွေကို ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်” လို့ JHG ပြန်ကြားရေးတာဝန်ခံ Zukdaw Tsawm Naw ကပြောပါတယ်။
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဒေသအချို့တွင် ကချင်လူမျိုးများရဲ့ အမှတ်လက္ခဏာများဖြင့် ရက်ကန်းအထည်အလိပ်လုပ်ဆောင်မှုဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများစွာရှိပေမယ့် အချို့သောကချင်လူမျိုးများအပါအဝင် စီးပွားရေးလုပ်ဆောင်နေသူများက အမှတ်လက္ခဏာများကို ကောင်းစွာသိရှိခြင်းမရှိပဲ လိုသလိုအသုံးပြုနေမှုတွေရှိခြင်းကြောင့် အဖွဲ့ချုပ်အနေဖြင့် အစိုးရလက်အောက်ရှိ အသေးစားစက်မှုလက်မှုဦးစီးဌာနနဲ့ ပူးပေါင်းပြီး သင်တန်းပေး ရှင်းပြခြင်းများကို အတူလုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။