တနိုင်း-လီဒိုလမ်းပေါ်ရှိ ကျေးရွာတစ်ခုဖြစ်တဲ့ ရှထုဇွပ်ကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ မေလ ၂၀ ရက်နေ့ မနက် ၂ နာရီအချိန်တွင် ကျေးရွာအနီးဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ ဘယ်လိုအကြောင်းရင်းတွေကြောင့် လက်နက်ကြီးပစ်ခတ်နေခြင်းကို အတိအကျမသိရှိပေမယ့် ကျေးရွာအနီးကို လက်နက်ကြီး ၁၀ ကြိမ်ကျော် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။
“ဒီညနေပိုင်း ၄ နာရီခွဲလောက်ကစပြီး ပြန်လည်ပစ်ခတ်တာတွေကြားနေရတယ်၊ ရှထုဇွပ်ကျေးရွာမှာရှိတဲ့ ရှမ်းနီအဖွဲ့တွေ ယုဇနကုမ္ပဏီဘက် လက်နက်ကြီးနဲ့ ၅ ကြိမ် လောက် ပစ်ခတ်တာတွေလုပ်ခဲ့တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်များက ယုဇနကုမ္ပဏီဝင်းထဲတွင် ဝင်ရောက်နေထိုင်တာတွေ လုပ်ဆောင်လေ့ရှိတာကြောင့် ယမန်နေ့ညက ကေအိုင်အေမှ အဆောက်အဦးများကို လာရောက်ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့အပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
တနိုင်း-လီဒိုလမ်းတွင် ယခင်အပတ်ကလည်း ကေအိုင်အေတပ်နဲ့စစ်ကောင်စီတပ်ကြား နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့သလို ကျေးရွာအနီးတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ပြီး စစ်တပ်အနီး သွားလာတာတွေကိုလည်း ပိတ်ပင်ထားပါတယ်။