အာဏာသိမ်းစစ်တပ်မှ ပြည်သူများကို အကြမ်းဖက်ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးမြို့နယ်ခွဲ ဖိုင်ကောင်ကျေးရွာနဲ့ ကောင်ဝယ်ကျေးရွာအနီးတဝိုက်ရှိ ကျေးရွာများတွင် စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုရဲ့ တပ်သားများက အရပ်သားပြည်သူများကို စစ်ဆေးမေးမြန်းတာတွေ လက်နက်ဖြင့် ခြိမ်းခြောက်တာတွေ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

Photo : AFP (ပုံဟောင်းအသုံးပြုထားခြင်း)

အာဏာသိမ်းစစ်တပ် ခလရ (၅၄၇)တပ်မှ စစ်သားများဖြစ်ကာ မုန်းကိုးမြို့ဘက်မှ ရောက်ရှိလာသူများဖြစ်ကာ ကောင်ဝယ်ကျေးရွာအနီး စခန်းချနေထိုင်တာ ၂ ရက်ရှိပြီဖြစ်ကာ ကျေးရွာတွင်း ဝင်ရောက်ပြီး ဒေသခံများ၊ ဈေးဆိုင်များကို ထင်တိုင်းကြဲဝင်ရောက်ပြီး စစ်ဆေးမေးမြန်းတာတွေ လက်နက်နဲ့ချိန်ရွယ်ပြီး ခြိမ်းခြောက်ကာ အတင်းအဓမ္မငွေကြေးတောင်းတာတွေလုပ်ဆောင်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

“သူတို့က ကျေးရွာမှာလာနေပြီး တောင်းစာနေကြတာပေါ့၊ ဈေးဆိုင်တွေမှာလည်း ရှာဖွေတာတွေလုပ်ပြီး တရုတ်ယွမ်ငွေ ၁၅၀၀ တောင်းတယ်၊ အဲ့မှာ ၁၀၀ ပဲ ပေးလိုက်တာကို လက်နက်နဲ့ချိန်ရွယ်ပြီး ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့ကြတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ်အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် စစ်အင်အား လက်နက်ခဲယမ်းဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို ကေအိုင်အေတပ်စွဲထားရာ နေရာဘက်ကိုလည်း စစ်ရေးလှုပ်ရှားမှုတွေ အမြဲဆိုသလို ပြုလုပ်လေ့ရှိတာကြောင့် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

*