အာဏာသိမ်းစစ်တပ်က လဂတ်ကုန်းရှေ့တန်းတပ်စခန်းမှ စွန့်ခွာသွားခဲ့ရ

အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ မိုးမောက်မြို့နယ်ရှိ လဂတ်ကုန်းရှေ့တန်းစခန်းကနေ မေလ ၁၈ ရက်နေ့က တပ်ဆုတ်စွန့်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။

စစ်ကောင်စီအဆိုအရ သူတို့တပ်များကို ဖွန်ပျန်ဘွမ်တပ်စခန်းဘက် ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း အကြောင်းပြုထားပါတယ်။ ထို့နေ့မှာပင် ကေအိုင်အေ တပ်ရင်း (၂၄) အဖွဲ့မှ ထိုလဂတ်ကုန်းရှေ့တန်းစခန်းကို နေ့လည် ၁၁ နာရီခွဲအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) နဲ့ တပ်မဟာ (၅) တည်ရှိရာနယ်မြေဘက် အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးပစ်ကူတာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့တိုင်းလိုလို ပြုလုပ်နေကြောင်း သိရပါတယ်။

ဗန်းမော်မြို့နယ်ရှိ အူရားဘွမ်ရှိ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁) အခြေစိုက်ရာနေရာဘက် ယမန်နေ့ မေလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီတွင် စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ၁၀ မိနစ်အကြာတွင် နောက်ထပ် ဂျက်တိုက်လေယာဉ် ၂ စီး ပြန်လည်ရောက်ရှိလာပြီး ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ယမန်နေ့မှာပင် မိုးမောက်မြို့နယ် နွမ်လန်၊ ကုန်းလောနဲ့ မြို့သစ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၂၅) တည်ရှိရာ ဂျော်မော်နဲ့ အလော့ဘွမ်ဘက်ကို ညနေ ၇ နာရီကစတင်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ထို့ပြင် မေလ ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်တွင် မံစီမြို့နယ် မဂျီကုန်းကဘာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လိုက်ကာဇွပ်ဂျာဘက် တာနီးပစ် ၁၀၅-မမ ဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့သလို ဆင်ဒီဘွမ်ဘက်ကိုလည်း ၁၀၅-မမ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ပါတယ်။ မေလ ၁၇ ရက်နေ့တုန်းကလည်း ကေအိုင်အေ တပ်ရင်း (၂၇) ရှိရာ မဒန်ယန်၊ ဆင်ဒီဘွမ်၊ ခပရာဘက်ကို မနက် ၁၀ နာရီခွဲအချိန်က ၁၀၅-မမ ဖြင့် ၉ ကြိမ် ပစ်ခတ်ခဲ့ပါတယ်။

ယခုလို အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေတပ်စွဲထားရာနေရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေပြီး တိုက်ပွဲဖြစ်ပွာချိန်တိုင်းလည်း ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေကို အမြဲလိုလိုလုပ်ဆောင်နေတဲ့အပြင် စစ်အင်အား လက်နက်အင်အားဖြည့်တင်းတိုးချဲ့မှုတွေလည်း ရှိနေပါသေးတယ်။

Leave a Reply

*