ကေအိုင်အေတပ်မဟာ (၅) နယ်မြေ အလော်ဘွမ်တောင်ဝန်းကျင်ရှိ မြို့သစ်ကျေးရွာ၊ ဆလော်ကုန်းတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား ဧပြီ ၁၂ ရက် မနက် ၅ နာရီခွဲအချိန်ခန့်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။

ယမန်နေ့ မနက်ကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ယနေ့တွင်လည်း ထပ်မံဖြစ်ပွားခြင်းဖြစ်ကာ ကုန်းလောရွာမှ စစ်ကောင်စီတပ်များက Bum Chyang ဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကာ ဂျက်လေယာဉ်ဖြင့် မိုင်းချဲပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
ယမန်နေ့ ဧပြီ ၁၁ ရက်နေ့ ၉ နာရီကြာတိုက်ခိုက်မှုတွင် အလော်ဘွမ်တောင်ခြေဘက် အာဏာသိမ်းစစ်ကောင်စီတပ်များက စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ကူတာတွေ လုပ်ဆောင်ခဲ့တာပါ။
ထိုသို့ စစ်ကောင်စီတပ်များက ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အနီးဝန်းကျင်ရှိကျေးရွာမှ အပစ်မဲ့ပြည်သူ ၃ ဦး မိုင်းထိမှန်သေဆုံးသွားခဲ့ရကြောင်းလည်း သိရပါတယ်။
ဧပြီ ၁၁ ထိုနေ့မှာပင် ကေအိုင်အေ တပ်မဟာ (၁) တပ်ရင်း ၁၀ နယ်မြေ မလိယန်ကျေးရွာမှ ဆွမ်ပရာဘွမ်ဘက်ကို စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်များနဲ့ ကေအိုင်အေတပ်ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သေးသလို ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း ၄၄ နယ်မြေဖြစ်တဲ့ ဂေါ်လူယန်ကျေးရွာအနီးမှာလည်း နန့်ယားကျေးရွာကနေ ဖားကန့်ဘက်တက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တဝှမ်း စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေက ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်ဖြစ်ပွားလာကာ ပြင်ထန်တဲ့တိုက်တွေအထိ ရောက်ရှိလာခြင်းကြောင့် အချို့သောကျေးရွာများမှ ဒေသခံများက ဘေးလွတ်ရာကို ပြောင်းရွေ့တိမ်းရှောင်ရမှုတွေလည်း ရှိနေပါတယ်။