ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ချောင်းဝကျေးရွာဘက်ကနေ မင်းကျောင်းကုန်းဘက် ထိုးစစ်ဆင် စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခြေလျှင်တပ်နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် KPDF တို့ ဧပြီ ၂၂ ရက်နေ့ ညနေပိုင်း ၇ နာရီခွဲတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ချောင်းဝကနေ ခြေလျှင်ဖြင့် စစ်ကြောင်းချီတက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၄၁၅) က အင်အား ၄၀ ဝန်းကျင်ဖြင့် မင်းကျောင်းကုန်းဘက် စစ်ရေးလှုပ်ရှားလာခဲ့ခြင်းဖြစ်တာကြောင့် KPDF မှ စောင့်ကြိုတိုက်ခိုက်ကာ နှစ်ဖက် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် အကြမ်းဖက် စစ်ကောင်စီတပ်မှ ကြားဖြတ်တိုက်ခိုက်ခြင်းခံရတာကြောင့် သေဆုံးထိခိုက်မှုတွေ များပြားနိုင်ကြောင်း ခိုင်လုံတဲ့သတင်းရင်းမြစ်က ပြောပါတယ်။
ကသာမြို့နယ်နဲ့ ရွှေကူမြို့နယ်ဘက်ကနေ အောက်မြန်မာပြည်မှ စစ်ကောင်စီတပ်သားများက ကချင်ပြည်နယ်ဘက် စစ်အင်အား၊ လက်နက်ခဲယမ်း ဖြည်တင်းမှုတွေ စဉ်ဆက်မပျက်လုပ်ဆောင်နေတာကြောင့် အဆိုပါ ကုန်းလမ်းကြောင်းနဲ့ ရေကြောင်းများတွင်လည်း ထိတွေ့တိုက်ပွဲတွေ ရှိနေတာဖြစ်ပါတယ်။
ဧပြီ ၁၃ ရက်နေ့တွင်လည်း ဧရာဝတီမြ်စကြောင်းအတိုင်း ရွှေကူဘက်ကနေ ကျောက်ကြီးဘက် ခုတ်မောင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း ရိက္ခာတင် စက်လှေတစ်စီးကို ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်များမှ RPG အပြင် လက်နက်ကြီးငယ်များဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။