အကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) မုံးပေါ်ဒေသ ဟူဂန်ကျေးရွာတွင် ယနေ့ ဧပြီ ၂၇ ရက် နေ့လည် ၁၂ နာရီခွဲခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာအနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်လိုက်တာကြောင့် ကလေးငယ်တစ်ဦး ကျည်စထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒေသခံများရဲ့ ကြံခင်းလည်း မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) တပ်စွဲနေရာယူထားတဲ့ ဟူဂန်ကျေးရွာအထက်ဘက်ကို အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၄၂၀) တပ်မှ အင်အား ၄၀ ဖြင့် ထိုးစစ်ဆင်လာကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းလှုပ်ရှားလာစဉ် ယခုလို ဒေသခံများရဲ့ ကြံခင်းများ မီးလောင်ကျွမ်းသွားခဲ့ရတာဖြစ်ပါတယ်။

ကြံစိုက်ခင်း ဧက ဘယ်လောက်အတိုင်းအတာထိ မီးလောင်ကျွမ်းမှုထဲပါဝင်သွားခြင်းကို အတိအကျမသိရှိရသေးပေမယ့် ခန့်မှန်းချေ ဧက ၅၀ နဲ့ ၆၀ ကြား ဖြစ်နိုင်ကြောင်း မှန်းဆထားကြပြီး မိုင်ဖန်နဲ့ မန်ကောင်တပ်စခန်းကုန်းမှ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်နေဆဲဖြစ်တာကြောင့် ညနေ ၄ နာရီအထိ လက်နက်ကြီးသံများကို ကြားနေရကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ညနေပိုင်း ၄ နာရီခန့်တွင် ပစ်ခတ်လိုက်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတစ်လုံးက ချူဘုတ် ကချင်ကောင်းခါးကျေးရွာရှိ ခန်းဒါနော်အောင် နေအိမ်ဝင်းတွင်း ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၅ နှစ်အရွယ် ကလေးရဲ့ ဘယ်လက်မောင်းတွင် လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများရဲ့ သေဆုံး ထိခိုက်ဒဏ်ရာရရှိခြင်း၊ နေအိမ်မီးလောင်ခြင်း၊ အိမ်မွေး တိရိစ္ဆာန်သေဆုံးရခြင်းတွေ၊ စိုက်ခင်းပျက်စီးခြင်းတွေ ဒေသခံများက အမြဲလိုလိုကြုံတွေနေကြရပါတယ်။

Leave a Reply

*