ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state) နမ့်ဖတ်ကာကျေးရွာအုပ်စု ဟူနောင်ကျေးရွာအထက်ပိုင်းတွင် မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် တရားမဝင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) တပ်ရင်း (၈) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကွတ်ခိုင်မြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ စစ်ကြောင်းက ဟူနောင်ကျေးရွာအထက်ဘက် စစ်ကြောင်းထိုးလာချိန် ကေအိုင်အေတပ်နဲ့ ထိပ်တိုက်တွေ့ဆုံတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ ထိပ်တိုက်တွေ့ဆုံမှုတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခြင်းဖြစ်တာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သား (၅) ဦးခန့် သေဆုံးနိုင်ပြီး ကွတ်ခိုင်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကလည်း တိုက်ပွဲဖြစ်ပွားရာနေရာဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကို ည ၇ နာရီအချိန်ထိ ပစ်ခတ်နေတာကို ကြားခဲ့ရကြောင်း ဒေသခံများကပြောပါတယ်။
ထို့အပြင် ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၂၆) နယ်မြေ နမှော်ဘွမ်ဘက် ခြေလျင်စစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာတဲ့ အင်အား (၁၀၀) ကျော်ပါဝင်တဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကျေးရွာထိပ်တွင် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ ဦးသေဆုံးကြောင်း ခိုင်လုံတဲ့ သတင်းအရ သိရပါတယ်။