လောင်စာဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လယ်လုပ်သူများ အခက်တွေ့နေရ

နိုင်ငံတဝှမ်း လောင်စာဆီ ဈေးနှုန်းမြင့်တက်မှု၊ လုံလောက်ခြင်းမရှိမှုများကြောင့် ဟူးကောင်းဒေသအတွင်းရှိ လယ်ယာလုပ်ကိုင်သူများ မိုးတွင်း စိုက်ပျိုးရေးအတွက် အခက်ကြုံတွေ့နေရကြောင်း သိရပါတယ်။

လီဒိုလမ်းတလျှောက်ရှိ လယ်ယာလုပ်ကိုင်နေတဲ့ ဒေသခံပြည်သူများက စက်သုံးဆီ ဈေးနှုန်းမြင့်မားလာခြင်းကြောင့် လယ်ထွန်စက်အတွက် ယခင်ကထက် ပိုမိုကုန်ကျမှုများပြားလာပြီး လုပ်ကိုင်စားသောက်ဖို့ ပိုမိုခက်ခဲလာကြောင်း ပြောဆိုလာပါတယ်။

ယခင်နှစ်များတွင် စက်ယန္တရားများဖြင့် လယ်ယာထွန်ယက် စိုက်ပျိုးဖို့ ၁ ဧကကို ကျပ် နှစ်သောင်းကနေ နှစ်သောင်းခွဲအထိ ကုန်ကျမှုရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ သုံးသောင်းကျော်ကနေ လေးသောင်းအထိ ရောက်ရှိသွားတာပဲ ဖြစ်ပါတယ်။

လောင်စာဆီဈေးနှုန်းမြင့်မားမှုက ဧကများစွာဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ဆောင်နေကြတဲ့ ဒေသခံ တောင်သူများအတွက် ရင်းနှီးမြုပ်နှံဖို့ ငွေကြေးပိုမိုလိုအပ်လာကာ ရင်းနှီးထားသမျှ ပြန်လည် မရရှိလာမှာကိုလည်း စိုးရိမ်နေကြရပြီး အချို့ကတော့ စရိတ်စခများပြားလာခြင်းကြောင့် ရပ်နားထားလိုက်ရသူများလည်း ရှိနေကြောင်း လီဒိုလမ်းရှိ တောင်သူတစ်ဦးကပြောပါတယ်။

လီဒိုလမ်းတလျှောက် လယ်ယာစိုက်ပျိုးမှုများတွင် ယခင်နှစ်က စပါးခင်းများတွင် ရေလွမ်းမိုးခြင်း၊ အထွက်နှုန်းကျဆင်းခြင်းများ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးအဓိကထားကာ အသက်မွေးဝမ်းကျောင်းပြုသူများက ရင်းနှီးမြုပ်နှံမှုများပြားစွာထည့်ဝင်ထားပေမယ့် ယခုနှစ်တွင်လည်း စပါးအထွက်နှုန်းကျဆင်းခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြရပါတယ်။

Leave a Reply

*