ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနမှ သက်တမ်းလွန် စားသုံးကုန်နဲ့ ဆေးဝါးများ ဖျက်ဆီးခြင်းကို ဧပြီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
ယနေ့မီးရှို့ဖျက်ဆီးလိုက်တဲ့ သက်တမ်းလွန် စားသုံးကုန်နဲ့ ဆေးဝါးများကို ဧပြီ ၁၂နဲ့ ၁၃ ရက်နေ့များတွင် မြို့တွင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များတွင် ရှောင်တခင်ဝင်ရောက် စစ်ဆေးကာ သိမ်းဆည်းထားရှိတဲ့ ထုတ်ကုန်များဖြစ်ကြောင်း သိရပါတယ်။

သက်တမ်းလွန်ခြင်းကြောင့် ဖျက်ဆီးလိုက်တဲ့ ပစ္စည်းများ တန်ဖိုးအနေဖြင့် မြန်မာကျပ်ငွေ ၃၂ သိန်းကျော်နဲ့ တရုတ် ယွမ်ငွေ ၆ ထောင်ကျော် တန်ကြေးရှိကြောင်း အဆိုပါဌာနမှ သိရပါတယ်။
ထို့အပြင် လိုင်ဇာမြို့ဝင်ဂိတ်တစ်ခုဖြစ်တဲ့ မိုင်ဆပ်ပါဂိတ်ကနေ ဝင်ရောက်လာတဲ့ အရက်ဖြူများကိုလည်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနမှ သိမ်းဆည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
ကေအိုင်အို အစိုးရအနေဖြင့် လူထုကျန်းမာရေးအတွက် ရှေ့ရှု့ကာ သက်တမ်းလွန် စားသုံးကုန်နဲ့ ဆေးဝါးများကို တားမြစ်ထားတာဖြစ်ပြီး ပုံမှန် စစ်ဆေးမှုတွေကလည်း အမြဲလိုလို ပြုလုပ်ကာ သိမ်းဆည်းဖျက်ဆီးနေတာဖြစ်ပါတယ်။