ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ အရှေ့ပိုင်းတိုင်းဌာနချုပ်ရှိ ဗန်းမော်ခရိုင်က မြန်မာအစိုးရနဲ့ ပူးတွဲဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်း ၂ ကျောင်းကို ကေအိုင်အိုအစိုးရကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်တာကြောင်း ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

ထိုကျောင်းနှစ်ကျောင်းကတော့ ဒိန်ဆင်းပါ အလယ်တန်းကျောင်းနဲ့ ဂိုင်ဒေါ့ အလယ်တန်းကျောင်းတို့ဖြစ်ကာ ဗန်းမော်ပညာရေးဌာနကနေ စေလွတ်တဲ့ကျောင်းဆရာများဖြင့် သင်ကြားတဲ့ ကျောင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရေးအခြေအနေကြောင့် ဒီကျောင်းတွေကို ဖွင့်လှစ်နိုင်ခြင်းမရှိတာ သုံးနှစ်ရှိလာပြီဖြစ်တာကြောင့် ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးစီမံချက်ဖြင့် ကေအိုင်အို ပညာရေးဌာနချုပ် လက်အောက်ရှိ ကျောင်းကော်မတီ၊ ကျေးရွာကော်မတီအားလုံး သဘောတူခြင်းဖြင့် မေလ ၁ ရက်နေ့က ကေအိုင်အို အစိုးရ အလယ်တန်းကျောင်းအဖြစ် တရားဝင်သတ်မှတ်ပြီး ဇွန်လ ၅ ရက်နေ့မှာ ကျောင်းအပ်နှံလက်ခံခြင်းတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အရှေ့ပိုင်းတိုင်းဌာနချုပ်မှ အုပ်ချုပ်သူများကလည်း ဇွန်လ ၂ ရက် ယနေ့တွင် ကျောင်း ၂ ကျောင်းကို သွားရောက်စစ်ဆေးမှုပြုလုပ်ပြီး ကျောင်းကော်မတီ ကျေးရွာကော်မတီများနဲ့ တွေ့ဆုံပြီး လိုအပ်နေမှုများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။