ကွတ်ခိုင်မြို့နယ် ဂါးလန်ကျေးရွာရှိ နေအိမ်တွင် ရှိနေတဲ့ ဦးလရှီးလဗျ လဆန်နဲ့ မိသားစုဝင်တွေကို ညသန်းခေါင်ယံချိန်တွင် တအာန်းစစ်သားနှစ်ဦးက မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ဆောင်တဲ့အကြောင်းပြချက်ဖြင့် အတင်းအဓမ္မဝင်ရောက်လာပြီး ရိုက်နှက်မှုပြုလုပ်ခဲ့မှု ဇူလိုင် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အိမ်တွင်းဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် မူးယစ်ဆေးဝါးတစ်စုံတစ်ရာမတွေ့ရှိတာကြောင့် ဦးလဆန်ကို ချိန်းခြောက်မှုတွေလုပ်ဆောင်ကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကာ ဇနီးသည်ကိုလည်း ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
“မူးယစ်ဆေးဝါးနှိမ်နှင်းတယ်ဆိုပြီး အချိန်သတ်မှတ်ချက်မရှိ ရှာချင်တဲ့အချိန်ဝင်ရှာပြီးတော့ အထောက်အထားမတွေ့ရင်လည်း ရိုက်နှက်မှုတွေလုပ်ဆောင်သွားတာဆိုတော့ စိတ်မကောင်းဖြစ်ရတယ် နောက်လည်း ဒီလိုဖြစ်ရပ်တွေ ဘယ်သူ့ဆီမှမဖြစ်ပွားပါစေနဲ့ မတရားတဲ့လုပ်ရပ်ဖြစ်တာကြောင့် ထိရောက်စွာအရေးယူစေချင်တယ်” လို့ ဦးလဆန် ကပြောပါတယ်။
လက်ရှိမှာတော့ တစ်စုံတစ်ရာ ဖြေရှင်းမှုပြုလုပ်နိုင်ဖို့ ဒေသတွင်းလူကြီးများနဲ့ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။