မြေပြိုမှုဖြစ်စဉ် မကြာခဏဖြစ်ပွားပြီး လူသေဆုံးမှုတွေရှိနေကာ နေအိမ်ပျက်စီးခြင်း၊ ရွေ့ပြောင်းရခြင်းများနဲ့ ကြုံတွေ့နေရတဲ့ ဖားကန့်ဒေသမှာ ဒီပြဿနာကို အဖြေရှာ ဖြေရှင်းပေးဖို့ ဒေသခံများက တောင်းဆိုနေကြပါတယ်။
လွန်ခဲ့သောအချိန်တွေကတည်းက မြေဇာပုံပြိုကျမှုတွေနဲ့ သက်ဆိုင်ပြီး စနစ်တကျဖြေရှင်းပေးဖို့ အကြိမ်ကြိမ်တောင်းဆိုမှု အကြံပေးမှုတွေရှိခဲ့ပေမယ့် အစိုးရအနေဖြင့် တစ်စုံတစ်ရာ ဖြေရှင်းပေးမှုမပြုလုပ်ခဲ့ကြပါဘူး။
“ကျတော်တို့ အကြံပေးမှုတွေ များစွာလုပ်ဆောင်ခဲ့ပြီ အခုတော့ ပြောတောင်မပြောချင်တော့ဘူး သူတို့က အကြံပေးကြပါလို့သာ ပြောပေမယ့် ကျတော်တို့ဆိုသလို မလုပ်ကြဘူး ကဲအခုတော့ ဖြစ်ပြီလေ၊ ဒီထက်ပိုဖြစ်အုံးမှာပဲ” လို့ ဖားကန့်ဒေသခံ ဦးနောင်လတ် ကပြောပါတယ်။
ဖားကန့်ဒေသတွင်း ကြီးမားတဲ့မြေပြိုကျမှုတွေဖြစ်ပွားတာဟာ ၂၀၁၂-၂၀၁၃ ကတည်းက ခပ်စိတ်စိတ်ဆိုသလို ဖြစ်ပွားနေခြင်းဖြစ်ကာ ဖြစ်ပွားတိုင်း အစိုးရအနေဖြင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းမရှိဖြစ်သလို သယံဇာတ စီမံခန့်ခွဲမှု လိုအပ်ချက်များစွာရှိနေကာ သေဆုံးမှုတွေဖြစ်ပေါ်တိုင်းလည်း လွယ်လင့်တကူဖြေရှင်းမှုတွေသာ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံများကတော့ အားမလိုအားမရဖြစ်နေရပါတယ်။