ပြည်သူများရဲ့ ကြက်၊ ဝက်များကို ပစ်ခတ်သတ်ဖြတ်စားသောက်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

ပြည်သူများကို ငွေကြေးအဓမ္မတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ နာမည်ကြီးနေတဲ့ ဝိုင်းမော်မြို့၊ ဝူယန်ကျေးရွာရှိ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေတပ်စွဲနေရာယူတဲ့နေရာကို ကေအိုင်အေဘက်မှ ယနေ့ ဇန်နဝါရီ ၈ ရက် မနက် ၆ နာရီခန့်တွင် လက်နက်ကြီး ၄ လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ပစ်ခတ်မှုအပြီးတွင် ပြည်သူ့စစ်အဖွဲ့က ဖြတ်သန်းသွားလာသူများကို ရပ်တန့်ထားကာ အနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေခဲ့ပါတယ်။ အဆိုပါ ပြည်သူ့စစ်အဖွဲ့က ကျေးရွာဒေသခံများနဲ့ ညှိ့နှိုင်းခြင်းမရှိဘဲ စစ်ဆေးရေးဂိတ်ပြုလုပ်ကာ ဖြတ်သန်းသွားလာတဲ့ ပြည်သူများကို ခြိမ်းခြောက်အကြပ်ကိုင် ငွေညစ်တာတွေ ပြုလုပ်နေတဲ့ နေရာဖြစ်ပါတယ်။

ထို့အပြင် မုံးကိုးဒေသ ရွှေစင်ဝမ်တောင်တွင်လည်း မနက် ၆ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း ၃၆ တို့နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ် ခမရ ၃၃၂ တပ်က ခြေလျင်ဖြင့် ကေအိုင်အေနယ်မြေဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတာကြောင့် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်နဲ့ ဇန်နဝါရီ ၆ ရက်နေ့က မန်ဒေါင်ကျေးရွာဘက် ဝင်ရောက်လာကာ ဒေသခံများ မွေးမြူထားတဲ့ ကြက်၊ ဝက်များကို ပစ်ခတ်သတ်ဖြတ်စားသောက်ခဲ့ကာ ပြန်လည် ထွက်ခွားသွားတဲ့ စစ်ကြောင်း ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

*