တနိုင်း-လီဒိုလမ်းမ ဟူးကောင်းဒေသ၊ နောင်းမီ ကျေးရွာဟောင်းတွင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၁၄ မှ အောက်တိုဘာ ၈ ရက် ယနေ့မနက် ၇ နာရီခွဲခန့်တွင် မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ထောက်ပို့ယာဉ်အတွက် လုံခြုံရေးရယူဖို့ လှုပ်ရှားလာခြင်းကြောင့် ကေအိုင်အေ တပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်အပြီး ၈ နာရီခန့်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နောင်းမီကျေးရွာ ရပ်ကွက် ၃ ရှိ ဦးဇိန်ထုန်း ဂမ်ယော်ရဲ့ သား ဇိန်ထုန်းနောင်လတ် အသက် ၁၄ နှစ်အရွယ်ကလေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။
ဇိန်ထုန်းနောင်လတ် က နွားစာသွားရောက်ခုတ်ယူစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကာ ဖမ်းဆီးခံလိုက်ရအပြီး မိခင်များက သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သွားရောက်ခဲ့ပေမယ့် စစ်ကောင်စီက ပြန်လည်လွတ်ပေးခဲ့ခြင်းမရှိတာကြောင့် အသက်မပြည့်သေးတဲ့ကလေးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် မိဘနဲ့ဆွေမျိုးများက စိတ်ပူပန်နေကြရပါတယ်။
လီဒိုလမ်းတစ်လျှောက် အာဏာသိမ်းစစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ကျေးရွာအနီးဝန်းကျင်ဘက်တွင်လည်း လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခြင်းတွေနဲ့ ဒေသခံပြည်သူများကို သံသယမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းတွေ ရှိနေတာကြောင့် ဒေသခံများက သတိကြီးစွာ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရပါတယ်။