တိုက်ပွဲမရှိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်အချို့ ပျက်စီး

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) နယ်မြေ ရှဂန်ကောင်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်က စစ်တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

နှစ်ဖက် ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အလစ်ဝင်ရောက် ဗုံးကြဲတိုက်ခိုက်တာဖြစ်ကာ ဒေသခံပြည်သူ ထိခိုက်မှုမရှိခဲ့ပေမယ့် အိမ်အချို့ ထိခိုက်ပျက်စီးခြင်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ယခင်လတုန်းကလည်း ကေအိုင်အေ တပ်ရင်း ၆ နဲ့ တပ်ရင်း ၂၆ နယ်မြေဘက် အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များဖြင့် ကျေးရွာအတွင်းထိ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လူနေအိမ် ပျက်စီးမှုနဲ့ ပြည်သူအချို့ တိမ်းရှောင်ရမှုတွေအထိ ရှိခဲ့ပါတယ်။

ထို့အပြင် ယနေ့မနက် ၁၀ နာရီခန့်တွင်လည်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူများရှိတဲ့ နေရာဘက် ကျရောက်ပေါက်ကွဲမှု ရှိခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လည် ၁၂ နာခွဲခန့်တွင်လည်း ကသာမြို့၊ မိုးသားကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် သုံးစီးဖြင့် သုံးကြိမ်တိုက် လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၆ လုံးလည်း ပျက်စီးသွားခဲ့ရသလို ဒေသခံအချို့ကလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က နိုင်ငံတဝှမ်း လေကြောင်းဖြင့် တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူများ သေဆုံး ထိခိုက်မှုတွေရှိနေပြီး နေအိမ်ပျက်စီးမှုတွေကလည်း လေကြောင်းတိုက်ခိုက်တဲ့ နေရာတိုင်းတွင် ဖြစ်ပေါ်နေပါတယ်။

Leave a Reply

*