တလူးကျေးရွာအနီး ကေအိုင်အေကို မြေပြင်ဝေဟင်ဖြင့် စစ်ကောင်စီတိုက်ခိုက်

ကချင်ပြည်နယ် တနိုင်းမြို့ တလူးကျေးရွာတွင် အာဏာသိမ်းစစ်တပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ယမန်နေ့ ဇွန်လ ၂ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲတွင် ဗုံး ၁၀ လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် တလူးကျေးရွာဟောင်းရှိ မူလတန်းကျောင်းအတွင်းက ကျောင်းဆောင်တစ်ခု ဗုံးထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။

ယမန်နေ့မှာပင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၁၄) အဖွဲ့နဲ့ အာဏာသိမ်းစစ်တပ် စစ်အင်အား (၄၀) ရှိတဲ့ ခလရ (၂၂၉)တပ်နဲ့ တလူးကျေးရွာအနီးတွင် မွန်းလွဲပိုင်း ၂ နာရီခွဲတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုရှိခဲ့ပါတယ်။

ထိုတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ် ခလရ (၂၂၉) မှ ၆၀-မမ လက်နက်ကြီးဖြင့် ၆ ကြိမ်တိုင် တလူးကျေးရွာဘက် ပစ်ခတ်မှုတွေရှိခဲ့ကြောင်း ကေအိုင်အေသတင်းရင်းမြစ်အရ သိရပါတယ်။ ထို့ပြင် တလူးကျေးရွာထိပ်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခလရ (၂၆၀) တပ်ကနေလည်း တလူးကျေးရွာအနီးဘက် ၈၁-မမ လက်နက်ကြီးဖြင့် ၅ ကြိမ်ထက်မနည်း ပစ်ကူတာတွေလုပ်ဆောင်ခဲ့ပေမယ့် ထိခိုက်မှုရှိမရှိကိုတော့ မသိရှိရသေးပါဘူး။

ယနေ့ ဇွန်လ ၃ ရက်နေ့မှာလည်း အာဏာသိမ်းစစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ကေအိုင်အေ တပ်ရင်း (၁၄) နယ်မြေဘက် ဝဲပျံ့မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ တလူးကျေးရွာဒေသခံများကတော့ ၂၀၁၇ အတွင်း ကေအိုင်အေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲများဖြင့် ကျေးရွာကို စွန့်ခွာ နေအိမ်များကို ထားရစ်ခဲ့ရတဲ့ နေရာဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့ မနက် ၂ နာရီခွဲအချိန်က ပူတာအိုလေဆိပ်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ အဆောက်အဦးကို ကေအိုင်အေ တပ်ရင်း (၇) အဖွဲ့မှ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Leave a Reply

*