ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးဒေသ၊ ဆမားကျေးရွာနဲ့ ခဘန်ကျေးရွာကြား ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၁ နာရီခွဲခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၃၆ တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ ၇၇ လို့ခန့်မှန်းရတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက ကေအိုင်အေ နယ်မြေဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေ တပ်ရင်း ၃၆ ရှိ တပ်ဖွဲ့မှ ခုခံတိုက်ခိုက်စဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုက ၁၀ မိနစ်ကျော် ဖြစ်ပွားခဲ့အပြီး ငြိမ်သက်သွားခဲ့ကာ စစ်ကောင်စီတပ်က ဆမားကျေးရွာတဝိုက် စစ်ရေးလှုပ်ရှားမှုတွေ ထပ်မံလုပ်ဆောင်လာခြင်းကြောင့် နောက်တစ်ကြိမ် တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း ပြောပါတယ်။
ဇန်နဝါရီ ၂ ၇က်နေ့တုန်းကလည်း မုန်လီတောင်တွင် ကေအိုင်အေတပ်နဲ့ စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ ၉၉ တို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါသေးတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က စစ်အင်အားတိုးမြင့်မှုတွေနဲ့အတူ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် ကေအိုင်အေ၊ ကိုးကန့်တပ်မတော်တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေကာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူများကလည်း နေရပ်ပြန်နိုင်ခြင်းမရှိသေးသလို ထပ်မံစစ်ဘေးရှောင်နေရသူများလည်း ရှိနေပါတယ်။