စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို KIA, PDF ပူးပေါင်းတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း ၇ နယ်မြေ ပူတာအိုခရိုင်၊ ခင်ဒူကားကျေးရွာနဲ့ ဖုန်ချန်းကြားတွင် ဇန်နဝါရီ ၉ ရက်နေ့ မနက် ၉ နာရီခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပူတာအို ဗျူဟာကုန်းရှိ စစ်ကောင်စီတပ် ခလရ ၁၃၇၊ ၁၃၈ ပူးပေါင်းအဖွဲ့က ဆွမ်ပရာဘွမ်နဲ့ ဆွမ်ပီယန်ဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုကို ကေအိုင်အေ နယ်မြေဘက် ပြုလုပ်လာတာကြောင့် KIA နဲ့ PDF တို့ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲတွင် KIA နဲ့ PDF အဖွဲ့မှ အထိအခိုက် ဒဏ်ရာရရှိမှုမရှိ ဆုတ်ခွာနိုင်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှု ပြင်းထန်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါနယ်မြေ တဝိုက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုကို လုပ်ဆောင်လေ့ရှိနေတာကြောင့် ဒီဇင်ဘာ ၂၉ ရက်နေ့တုန်းကလည်း ဆွမ်ပီယန်နဲ့ အင်ဆိုင်းယန်ကျေးရွာကြားတွင် စစ်တပ်ယာဉ်ဖြင့် လှုပ်ရှားလာစဉ် ကေအိုင်အေ တပ်မှ ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသေးတယ်။

ဇန်နဝါရီ (၈) ရက်နေ့မှာတော့ ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း ၄၄ နယ်မြေ ဘွမ်ဝှမ်ပါတွင် စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၁၁၁ နဲ့ ခလရ ၇၆ မှ အင်အား ၁၀၀ ရှိတဲ့ ပူးပေါင်းအဖွဲ့နဲ့ ကေအိုင်အေတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့အပြီး စစ်ကောင်စီတပ်က စပါးရိတ်သိမ်းနေတဲ့ ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*