စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အစိုးရနဲ့ KHCC တွေ့ဆုံဆွေးနွေး

ရှမ်းပြည်မြောက်ပိုင်းတွင် ခိုလုံနေတဲ့ စစ်ဘေးရှောင်ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် နေရပ်ဒေသပြန်နိုင်ရေးအတွက် စစ်ဘေးရှောင် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (KHCC) နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အစိုးရဖွဲ့စည်းထားတဲ့ NRPC (IDPs) Working ကော်မတီ တို့ ဇူလိုင် ၁၀ ရက်နေ့က နေပြည်တော်မှာ တစ်ရက်သာဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူများ လုံခြုံစွာနေရပ်ပြန်နိုင်ဖို့ လူမှုကူညီရေးအစီအစဉ်ကို NRPC ကိုတင်ပြပြီး ကေအိုင်အိုနဲ့ ဆက်လက်ညှိနှိုင်းတိုင်ပင်ဖို့၊ စစ်ဘေးရှောင်များအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် နေရပ်ပြန်သွားကြသူများနဲ့ ဆက်လက်ပြီး နေရပ်ပြန်မည့်သူများကို တရားဝင်လမ်းကြောင်းဖြင့် အကူအညီပေးမှု လုပ်ဆောင်နိုင်ဖို့နဲ့ နိုင်ငံတော်အစိုးရအနေဖြင့် စစ်ဘေးရှောင်များ အိမ်ပြန်ခရီးကို အကောင်အထည်ဖော်ဆောင်ရွက်လာချိန် ထိရောက်မှုရှိဖို့ KHCC နဲ့ ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်သွားဖို့ စတဲ့အချက်တွေကို အဓိကထား ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – KBC Kachin

“စစ်ဘေးရှောင်များ နေရပ်ပြန်မည့်အစီအစဉ်နဲ့ ပတ်သက်ပြီးရေးဆွဲထားတာတွေကို NRPC ဘက်ကို ပေးပို့နိုင်ခဲ့ပါတယ်၊ ကျတော်တို့လည်း အစိုးရနဲ့ လက်တွဲပြီး တရားဝင်အိမ်ပြန်သွားသူတွေကို အိမ်ပြန်ပို့လိုက်ရုံ မဟုတ်ပဲ အကူအညီပေးတဲ့အဖွဲ့အစည်းတွေ ကူညီပေးနိုင်ဖို့ စတာတွေကိုလည်း လုပ်ဆောင်သွားမှာပါ” လို့ ကေဘီစီ ဥက္ကဋ္ဌ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွမ် ကပြောပါတယ်။ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် နေရပ်ဒေသကို ပြန်သွားနိုင်ဖို့  နေအိမ်တွေတည်ဆောက်ပေးခြင်းများပြီးဆုံးချိန် လုံခြုံစိတ်ချမှုရှိချိန်တွင် တရားဝင်အိမ်ပြန်နိုင်မှာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလည်း လုံခြုံစိတ်ချရပြီလို့ယူဆရတဲ့ နေရာတစ်ခုကို ပထမဆုံးအသုတ်အနေဖြင့် စစ်ဘေးရှောင် အိမ်ထောင်စု ၁၀ စုကို မိမိဆန္ဒဖြင့် နေရပ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Leave a Reply

*