ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ (KDG)မှ ဦးဆောင်ပြီး နေရာဒေသအသီးသီးရှိ စစ်ဘေးရှောင်စခန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်နေသူများကို တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးမှု သင်တန်းကို လိုင်ဇာမြို့ရှိ ရှိန်လီခန်းမတွင် ဇူလိုင် ၂၇ ရက်နေ့ကစတင်ပြီး ၃၁ ရက်နေ့အထိ ငါးရက်တိတိ ပို့ချပေးသွားဖို့ရှိနေပါတယ်။
အသက် (၅)နှစ်မှ (၁၂) အတွင်းရှိကလေးငယ်များရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာတွေ၊ အသိပညာဆိုင်ရာတွေနဲ့ စစ်ဘေးရှောင်စခန်းများရှိ အသက် (၁၃)နှစ်ကနေ (၅၀) နှစ်အတွင်းရှိ အမျိုးသမီးများရဲ့ ကျန်းမာရေးဆိုင်ရာအသိပညာများကိုလည်း သင်ကြားပို့ချပေးနေတာပါ။
ယခုလို သင်တန်းပို့ချပေးခြင်းက စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေသူများ မိမိနေထိုင်ရာနေရာ သန့်ရှင်းသာယာလှပစွာနေထိုင်တတ်မှုတွေတိုးပွားလာဖို့ ကပ်ရောဂါ ကာကွယ်တားဆီးနိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ (KDG)မှ Wash Project မန်နေဂျာ ဆရာဘောက်နော် ကပြောပါတယ်။
ဒီသင်တန်းမှာတော့ မိုင်ဂျာယန်ရှိ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဝန်ထမ်းသစ်တွေ၊ မန်ဂါ့ယန်၊ ရှအစ်ယန်၊ ပါဂျောင်၊ ဖွန်လွမ်ယန်နဲ့ ဝှေကြိုင်စစ်ဘေးရှောင်စခန်းရှိ စေတနာ့ဝန်ထမ်း အယောက် ၂၀ ကျော်ကို ပို့ချပေးခဲ့ခြင်းဖြစ်ပါတယ်။ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့အနေဖြင့် အသိပညာပေးသင်တန်းများကို နေရာဒေသအသီးသီးရှိ စစ်ဘေးရှောင်စခန်းများကို သွားရောက် သင်ကြားပို့ချပေးနိုင်ဖို့ စီစဉ်နေပါတယ်။