တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားများရဲ့ ကုန်ပစ္စည်းများကို ပြန်လည် တင်သွင်းနိုင်ရန် တရုတ်အစိုးရမှ ခွင့်ပြုခဲ့ကြောင်း သိရှိရပါတယ်။

ဂျယ်ဂေါင်တွင် ကုန်တင်ပြီးသော ကားများနဲ့ ဂိုဒေါင်တွင် မြန်မာနိုင်ငံဘက် တင်သွင်းရန်ကျန်ရှိနေသေးတဲ့ ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
ကုန်ပစ္စည်းများကို ပြန်လည် တင်သွင်းရာတွင် ပစ္စည်းပိုင်ရှင်များမှ ဖောင်တင်ပြီး လုပ်ဆောင်ရမည်ဖြစ်သလို အဆိုပါဖောင်ကို အောက်တိုဘာ ၅ ရက် ယနေ့ ညနေ ၅နာရီမှစတင်ပြီး တင်ပြမှုတွေ လုပ်ဆောင်နေကြပါတယ်။
ဂျယ်ဂေါင်ကို အဆင့်မြင့်မြို့ပြ စီမံကိန်း ပြုလုပ်ဖို့ ယခုကဲ့သို့ လုပ်ဆောင် ရခြင်းဖြစ်နိုင်ကြောင်း မူဆယ်မြို့ရှိ သစ်သီးပွဲရုံပိုင်ရှင်တစ်ဦးကဆိုပါတယ်။ ထိုသို့ တင်သွင်းခွင့်သည် အောက်တိုဘာလ အကုန်ထိသာ ဖြစ်မည်ဟုလည်း သိရပါတယ်။
ယခုအချိန်အတွင်း တရုတ်-မြန်မာ နယ်စပ်ရှိ ဂိတ်များရဲ့ အခြေအနေများမှာ မူဆယ်မြို့မှ နန်းတော်ပေါက်က နိုင်ငံသား လွဲပြောင်းမှုသာ ခွင့်ပြုပြီး ဆင်ဖြူပေါက် နဲ့ ကြူကုတ်(ပန်ဆိုင်း)ရှိ ဝမ်တိန်ပေါက်ကတော့ ပိတ်ပင်ထားဆဲဖြစ်သလို ကျင်းစန်းကျော့နဲ့ ချင်းရွှေဟော်ပေါက်တို့မှာ တရူတ်ဘက်မှ မြန်မာဘက် ဆေးဝါးပစ္စည်းသီးသန့်သာ တင်သွင်းခွင့်ပြုထားပြီး အခြားသောကုန်ပစ္စည်းများ ခွင့်ပြုထားခြင်းမရှိသေးကြောင်း သိရပါတယ်။