တနိုင်းမြို့နယ် ကောင်ရာကျေးရွာထိပ်တွင် အောက်တိုဘာ ၆ ရက် ယနေ့မနက် ၈ နာရီခွဲခန့်တွင် ဒေသတွင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၄၃ မှ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်အတွက် လက်နက်ခဲယမ်းများ၊ ရိက္ခာများပို့ဆောင်ပေးနေတဲ့ ထောက်ပို့ယာဉ်တန်းကို လုံခြုံရေးပေးဖို့အတွက် လှုပ်ရှားလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မနက် ၁၀ နာရီအချိန်ထိ ဖြစ်ပွားခဲ့မှု ရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
အောက်တိုဘာ ၅ ရက်နေ့ ညေန ၇ နာရီခန့်တွင်လည်း ဂျမ်ဘူတောင်ဘက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ စစ်ယာဉ်တန်းကို ကေအိုင်တပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တစ်စီး ပျက်စီးသွားခဲ့မှု ရှိခဲ့ပါတယ်။
လက်ရှိအချိန်တွင် ရှထုဇွပ်ကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲနေရာယူနေပြီး ဖြတ်သန်းသွားလာသူများကို စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေကာ ကျေးရွာအနီးဝန်းကျင် တိုက်ပွဲများ တိုးများလာမည်ကို ဒေသခံများက စိုးရိမ်နေကြရပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုကို အောက်တိုဘာ ၄ ရက်နေ့တွင်လည်း ကောင်ရာကျေးရွာအနီး နဲ့ ဂျမ်ဘူတောင်အနီး နှစ်နေရာတွင် ကေအိုင်အေတပ်ဖွဲ့များက တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသေးတယ်။