ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲများဖြေဆိုနေကြပြီ

ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းရှိ အထက်တန်းကျောင်းများတွင် ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်ရဲ့ အစိုးရစစ် တက္ကသိုလ်ဝင်တန်းနောက်ဆုံးစာမေးပွဲကို ဧပြီ ၁၂ ရက်နေ့က စတင်ပြီး ကျောင်းအသီးသီးတွင် ဖြေဆိုနေကြီပြီ ဖြစ်ပါတယ်။

လတ်တလောတွင် မြန်မာ့နိုင်ငံရေး ရှုပ်ထွေးမှုတွေရှိနေပေမယ့် ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းက တက္ကသိုလ်ဝင်တန်းကျောင်းသားများအနေဖြင့် တဖက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါလည်း ရှိနေသေးတာကြောင့် ကိုဗစ်စည်းကမ်းချက်များနဲ့အညီ တစ်ရက်ကို တစ်ဘာသာနှုန်းဖြင့် ဧပြီ ၁၉ ရက်နေ့အထိ ဖြေဆိုကြမှာပဲ ဖြစ်ပါတယ်။

ယခင်နှစ်များက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လပိုင်းတွင် ဖြေဆိုပေမယ့် ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စာသင်ကြားမှု အချိန်မလုံလောက်ခြင်းများဖြစ်ခဲ့ခြင်းကြောင့် ဧပြီလလယ်ပိုင်းမှ ဖြေဆိုစေခဲ့တာပါ။

လက်ရှိတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာဖြစ်ပွားခြင်းက စာမေးပွဲဖြေဆိုရေးတွင် အနှောက်အယှက်ဖြစ်မှုတွေရှိခဲ့သလို ကျောင်းသားမိဘများကလည်း သတိကြီးစွာဖြင့် သားသမီးများ စာမေးပွဲပြီးဆုံးအောင် မဖြေဆိုနိုင်လိုက်မှာကိုလည်း စိုးရိမ်နေကြရပါတယ်။

“အခုလိုတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေချိန် တဖက်တွင်လည်း နိုင်ငံရေးမတည်မငြိမ်မှုကြောင့် စာမေးပွဲကိုထိခိုက်စေတာတွေရှိနေပါတယ်” လို့ ပညာရေးဌာနချုပ် အတွင်းရေးမှူး ဆရာကြီး မရစ်နော်ထွယ် ကပြောပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေတာကတော့ လိုင်ဇာအထက်တန်းကျောင်း၊ အလန့်ဘွမ်၊ မိုင်ဂျာယန်၊ အင်ဘာပါ၊ သျှမ်းပြည်မြောက်ပိုင်းနဲ့ အင်ဂွမ်းလ အထက်တန်းကျောင်းများတွင် ဖြေဆိုနေကြတာဖြစ်ပြီး ဖြေဆိုသူဦးရေ (၈၃၁) ဦးရှိကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာတော့ ၂၀၂၀ ခုနှစ် မတ်လမှ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်တွေ့ရှိခဲ့တာကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ်ရဲ့ ပညာသင်နှစ်ကို အစပြုနိုင်ခဲ့ခြင်းမရှိကာ ကျောင်းများပိတ်ထားခဲ့ရသလို ကိုဗစ်-၁၉ ဖြစ်ပွားမှုထိန်းချုပ်လာနိုင်တဲ့အချိန်မှာတော့ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ မြန်မာစစ်တပ်က အာဏာသိမ်းမှုလုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတဝှမ်းရှိ ကျောင်းဆရာများက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ကျယ်ပြန့်စွာအတိုင်အတာအများဆုံးဖြင့် ပါဝင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြပါတယ်။

Leave a Reply

*