ကာမိုင်းမြို့တွင် တပ်စွဲထားတဲ့ ဗျူဟာကုန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများနဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပူးပေါင်းပြီး မေလ ၁၀ ရက်နေ့ မနက် ၇ နာရီခန့်တွင် မြို့တွင်းလမ်းဆုံတွင် ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုပြင်းထန်စွာ ပြုလုပ်ခဲ့ပါတယ်။
အင်အား ၂၀ ပါဝင်တဲ့ အဆိုပါ စစ်ကောင်စီလက်အောက်ခံများက မြို့တွင်းတွင် ယခုလို ရှောင်တခင် စစ်ဆေးမှုပြုလုပ်နေခြင်းကို ဒေသခံပြည်သူများက မည်သည့်အကြောင်းရင်းကြောင့်ဆိုတာကို မသိရှိခဲ့ရကာ ၁ နာရီအကြာမှာတော့ ပြန်လည် ထွက်ခွာသွားကြောင်း သိရပါတယ်။
ရှောင်တခင် စစ်ဆေးမှုအပြီး နေ့လည် ၁၁ နာရီခန့်မှာတော့ ကာမိုင်းဗျူဟာမှူး အောင်နိုင်ဝင်း က ဒေသရှိ အုပ်ချုပ်ရေးမှူးများနဲ့ ရပ်မိရပ်ဖများကို ဗျူဟာကုန်းတွင် ခေါ်ယူတွေ့ဆုံကာ ဒေသလုံခြုံရေးအတွက် လှုပ်ရှားမှုပြုလုပ်မှာဖြစ်တာကြောင့် ဒေသခံများအနေဖြင့် ကူညီပါဝင်ပေးကြဖို့နဲ့ ဆုတောင်းပွဲများကို ကြိုတင်သတင်းပေးကြဖို့ ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ထို့အပြင် အကြမ်းဖက် စစ်ကောင်စီ ဗျူဟာမှူး အောင်နိုင်ဝင်း က မေလ ၉ ရက်နေ့တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ ရပ်မိရပ်ဖများကို မြို့နယ်အုပ်ချုပ်ရေးရုံးတွင် တွေ့ဆုံကာ ညနေ ၉ နာရီကစတင်ပြီး မနက် ၄ နာရီအထိ အပြင်ထွက် သွားလာခြင်းမပြုလုပ်ဖို့၊ လူ ၅ ဦးထက်ပို ဆုဝေးခြင်းမပြုလုပ်ဖို့နဲ့ အမိန့်နာခံခြင်းမရှိပါက ပစ်ခတ်သတ်ဖြတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်မှုပြုခဲ့ကြောင်း သိရပါတယ်။