ကချင်လွတ်လပ်ရေးတပ်မတော် လှုပ်ရှားတပ်မဟာ (၁) ခြေမြန်တပ်ရင်း (၂၅၃) နယ်မြေ ကင်ဆားအင်ခန်ဘက် အာဏာသိမ်းစစ်တပ် ရွေကူအခြေစိုက် ခလရ (၅၆)တပ်မှ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် စောင့်ကြိုပြီး ခုခံတိုက်ခိုက်စဉ် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။

ယနေ့ ဇွန်လ ၃ ရက် မနက် ၉ နာရီခွဲတွင်လည်း အူထန်ယန်ကျေးရွာနဲ့ ဒေါ့ဖုန်းယန်ကြား ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် တပ်မ (၈၈) အဖွဲ့နဲ့ ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၁၉) တို့ ထိပ်တိုက်တွေ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
နေ့လည် ၁၂ နာရီအချိန်မှာလည်း ရွေကူနဲ့ ဗန်းမော်ကြားရှိ ဧရာဝတီမြစ်ကျဉ်းတစ်နေရာတွင် ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၂) အဖွဲ့မှ အာဏာသိမ်းစစ်တပ်ရဲ့ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများ သယ်ဆောင်လာတဲ့ သင်္ဘောတစ်စင်းကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
အာဏာသိမ်းစစ်တပ်မှ ကချင်ပြည်နယ်တလွှား စစ်အင်အား လက်နက်ခဲယမ်းများ ဖြည့်တင်းမှုကို ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းများဖြင့် စဉ်ဆက်မပျက်လုပ်ဆောင်နေကာ ယခုလို ဧရာဝတီမြစ်ကြောင်းဖြင့်လည်း မကြာခဏဖြည့်တင်းမှုတွေ ပြုလုပ်တာကြောင့် တိုက်ပွဲဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။