ကမ္ဘာအဝှမ်းမှကချင်လူမှုအဖွဲ့ အစည်းများ ပူးပေါင်းဖွဲ့ စည်းထားသော World Kachin Congress အဖွဲ့မှ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် ငွေကြေးသိန်း ၁၂၀ ကျော် တန်ဖိုးရှိ အစားအသောက်များကို မေယုဒေသ ပရဟိတအဖွဲ့မှ တဆင့် ဇွန်လ ၁၅ ရက်နေ့မှာ ထောက်ပံ့ကူညီခဲ့ကြပါတယ်။
ကမ္ဘာတစ်လွှား ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခြင်းကြောင့် စိုးရိမ်နေရပေမယ့် ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ ရခိုင်တပ်မတော်တို့ကြား စစ်ပွဲများစဉ်ဆက်မပြတ်ဖြစ်ပွားနေတာကြောင့် ဒုက္ခရောက်နေရတဲ့ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို World Kachin Congress အဖွဲ့မှ မေတ္တာရှေ့ထားပြီး ငွေကြေးနဲ့ အစားအသောက်များ ကူညီပေးခြင်းဖြစ်ကြောင်း World Kachin Congress အဖွဲ့ထံမှ သိရှိရပါတယ်။
ယခုလို ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို မေတ္တာထား အကူအညီပေးတဲ့ World Kachin Congress အဖွဲ့နဲ့ ကချင်လူမျိုးများကို ကျေးဇူးတင်ရှိနေပြီး မေယုဒေသမှ အကူအညီပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “အရမ်းဝမ်းသာပါတယ်၊ တိုင်းရင်းသားတွေ အတူတကွရခိုင်ပြည်ရဲ့ ခံစားနေရတာတွေကို ကချင်တွေ ထပ်တူခံစားပေးတဲ့အတွက်ရော စစ်ရှောင်တွေကို သနားပြီး ဂရုဏာထားပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်” လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ ရခိုင့်တပ်မတော် (AA) အဖွဲ့ကြား တိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်သူ တစ်သိန်း ငါးသောင်းကျော်အထိ ရှိနေပြီဖြစ်ကာ စစ်ဘေးရှောင်သူများပြားလာတာကြောင့် စစ်ဘေးရှောင်ပြည်သူများရဲ့ လုံခြုံမှုရှိတဲ့နေရာ၊ ဆေးဝါးပစ္စည်းများနဲ့ အစားသောက်များ ဆက်တိုက်လိုအပ်မှုတွေရှိနေပါတယ်။
World Kachin Congress အဖွဲ့မှ လွန်ခဲ့သောရက်တွေက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒုက္ခရောက်နေရတဲ့ ကချင်ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၁၇၀ ကျော် ကူညီခဲ့ပြီး ဖြစ်ပါတယ်။