ဒီဇင်ဘာ ၁ ရက်နေ့တွင်ကျရောက်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အခမ်းအနားကို လိုင်ဇာမြို့ ဝှေကြိုင်စစ်ဘေးရှောင်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်အတွက် Worl AIDS Day အထိမ်းအမှတ်နေ့ ခေါင်းစဉ်ကတော့ “အားလုံးညီညွတ်ပေါင်းစည်းလို့ တာဝန်ကိုယ်စီမျှယူစို့” အပေါ်မူတည်ပြီး အေအိုင်ဒီအက်စ်တိုက်ဖျက်ရာတွင် လူငယ်တွေအပြင် အဖွဲ့အစည်းများအားလုံး အတူတကွပူးပေါင်းတိုက်ထုတ်ဖို့ ရည်ရွယ်ပြီး ဒီအခမ်းအနားကို လုပ်ဆောင်ခြင်းဖြစ်ကာ AIDS ရောဂါကာကွယ်ရေးဆိုင်ရာ ဟောပြောအသိပညာပေးခြင်းများလည်း ပြုလုပ်ခဲ့ကြပါတယ်။
“လူငယ်တွေအပြင် အဖွဲ့အစည်းတွေအားလုံး ဒီရောဂါကို အတူတကွပူးပေါင်းတိုက်ထုတ် ကာကွယ်သွားနိုင်ဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်၊ MSF အဖွဲ့မှ ဆရာများက ရောဂါဆိုင်ရာအသိပညာပေးမှုတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်” လို့ စခန်းတွဲဖက်လူငယ်တာဝန်ခံ ဆရာဂါးမျိုးလီအောင်ကပြောပါတယ်။
စစ်ဘေးရှောင်စခန်းရှိ နေအိမ်အသီးသီသွားရောက်ပြီး ရောဂါကာကွယ်ရေးနည်းလမ်းများ အသိပညာပေးရေးသားထားတဲ့စာစောင်များဖြန့်ဝေပေးခဲ့သလို ပန်းချီပြိုင်ပွဲကိုလည်း ကျင်းပခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်ခဲ့တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့များတွင် HIV, AIDS ရောဂါခံစားနေရသူများကို ခွန်အားပေး ပညာပေးခြင်းများကို စဉ်ဆက်မပျက်လုပ်ဆောင်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဖြစ်ပွားနှုန်း လျော့ကျလာခဲ့ပြီလို့ စစ်တမ်းများကဖော်ပြနေပါတယ်။