ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၉) ဒေသဖြစ်တဲ့ ကွတ်ခိုင်ဒေသ ဒိန်ဂေါ့ကျေးရွာဟောင်းမှာ အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ TNLA, MNDAA လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ် တပ်မ (၉၉) တို့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
TNLA, MNDAA စုပေါင်းအဖွဲ့တို့ တပ်စွဲထားရာနေရာဘက်ကို အစိုးရတပ်များအနေဖြင့် စစ်ကြောင်း နှစ်ကြောင်း လူအင်အား (၂၀၀) ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာခြင်းကြောင့် ထိပ်တိုက်တွေ့ဆုံရတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
“တပ်မ (၉၉) တွေ အင်အား (၁၀၀) လောက်ရှိမယ်၊ ဒီဘက်မှာလည်း ၁၀၀ လောက်ရှိတော့ ၂၀၀ ဝန်းကျင်ရှိသွားတာပေါ့၊ စစ်ကြောင်း နှစ်ခုနဲ့ စစ်ရေးလှုပ်ရှားလာနေတာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ပွဲဖြစ်ပွားနေချိန် နန့်ဖတ်ကာတွင် တပ်စွဲထားသော ခလရ ၁၂၃ အနေဖြင့် လက်နက်ကြီး ဖြင့် နှစ်ကြိမ်မျှ ပစ်ခတ်ခဲ့ပါတယ်။
စက်တင်ဘာလအတွင်းမှာလည်း ကေအိုင်အေ တပ်မဟာ (၆) လက်အောက်ရှိ တပ်ရင်း (၃၆) တပ်စွဲရာနေရာဘက်တွင်လည်း မြန်မာတပ်နဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားမှုတွေ မကြာခဏဖြစ်ပွားခဲ့တာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။