မြောက်ပိုင်းဌာနချုပ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လုပ်ဆောင်

ကေအိုင်အိုထိန်းချုပ်နယ်မြေ မြောက်ပိုင်းဌာနချုပ်တွင် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဦးဆောင်ကော်မတီအနေဖြင့် ကြော်ငြာထားတဲ့အတိုင်း ဌာနအသီးသီးနဲ့ ဒေသအသီးသီးတွင် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးအချိန်ဖြစ်တာကြောင့် လူစုလူဝေးမပြုလုပ်စေဘဲ ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဦးဆောင်ကော်မတီကနေ ပေးပို့လိုက်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မိန့်ခွန်းကို ဌာနချုပ်၊ ဌာနအသီးသီးတွင် အသံချဲ့စက်ဖြင့် ဖတ်ပြခြင်း စက်လှေဆိပ်နဲ့ ကားဝင်းများတွင်လည်း ကြေငြာစာများဖြန့်ဝေးခြင်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ မြောက်ပိုင်းဌာနချုပ်ရှိ အင်ဂျန်းယန်ဒေသ၊ ဆွမ်ပရာဘွမ်ဒေသ၊ ပူတာအိုဒေသတွေ ပါဝင်ခဲ့ကြကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် အင်ဂျန်းယန်ဒေသရှိ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့မှ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးများကို ညနေပိုင်း ၄ နာရီအချိန်ခန့် အများပြည်သူရှေ့တွင် မီးရှို့ဖျက်ဆီးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ လွန်ခဲ့သောနှစ်တွင်လည်း ယခုလိုနေ့တွင် လူဦးရေများပြားတဲ့ကျေးရွာ၊ မော်ဒေသတွေမှာ ဌာနအသီးသီးနဲ့ အများပြည်သူပူးပေါင်းပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်း ဆန္ဒထုတ်ဖော်ပြသမှုတွေ၊ အမြင်ဖွင့်ဟောပြောပွဲတွေ၊ ကြေငြာစာများဖြန့်ဝေမှုတွေ၊ မူးယစ်ဆေးဝါးအသိပညာပေး ပုံတွေ ပြသခြင်းများလုပ်ဆောင်ခဲ့ပါသေးတယ်။