နိုင်ငံတကာကြက်ခြေနီအဖွဲ့မှ ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းအသုံးပြုဖို့ ပေးအပ်လိုက်တဲ့ ရောဂါကာကွယ်ရေးပစ္စည်းများနဲ့ ဆေးဝါးများကို ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့က ဒီဇင်ဘာ ၁၅ ရက်နေ့က မိုင်ဆပ်ပါ ကုန်သွယ်ရေးနေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီထံ လာရောက်အပ်နှံခဲ့ပါတယ်။

ကူညီရေးပစ္စည်းများကို ICRC ကိုယ်တိုင်လာရောက်ပေးအပ်ဖို့ ခက်ခဲတာကြောင့် PCG အဖွဲ့မှ လမိုင်ဂွမ်ဂျာနဲ့ ခပရာ ခွန်းအောင် တို့မှ ကိုယ်စားအဖြစ် လွဲပြောင်းပေးခဲ့တာပါ။
လွှဲပြောင်းရယူခြင်းအခမ်းအနားမှာတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီခေါင်းဆောင် ဆွမ်လွတ်ဂမ်အနေဖြင့် ယခုလို ဆေးဝါးများနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ကူညီမှုပေးတဲ့ ICRC ကိုကျေးဇူးတင်ရှိကာ ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် လုပ်ဆောင်နေတဲ့လုပ်ငန်းများတွင် ပိုမိုထိရောက်အောင်မြင်စွာဖြင့် အသုံးချကာ လုပ်ဆောင်အသုံးပြုသွားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ICRC အနေဖြင့် ကိုယ်တိုင်လာရောက်ပြီး ပေးအပ်ကာ ကူညီနိုင်မည့်အရာများကို ဆွေးနွေးတိုင်ပင်ချင်ပေမယ့် အခက်အခဲအမျိုးမျိုးတည်ရှိနေတာကြောင့် မလာရောက်နိုင်ပဲဖြစ်နေပြီး လာမည့်အချိန်များတွင်လည်း အကူအညီပေးမှုတွေကို လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ICRC ကိုယ်စား လမိုင်ဂွမ်ဂျာကပြောပါတယ်။
ယခုလို ICRC အဖွဲ့မှ ကေအိုင်အို ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီထံ ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒန်းခြင်းက ဒုတိယအကြိမ်ဖြစ်ပါတယ်။