NUG အစိုးရဦးဆောင်တဲ့ Kachin State Comprehensive University ဖွင့်ပွဲကို လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်တဲ့ Kachin State Comprehensive University (KSCU) ဖွင့်ပွဲကို ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့က ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းနဲ့ နယ်စပ်ဒေသများရှိ ပြည်သူများ အဆင့်မြင့်ပညာရေးသင်ကြားရရှိစေဖို့ မျှော်မှန်းထားကာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် လိုအပ်တဲ့ ခြေလှမ်းများထဲကတစ်ခုအပါအဝင်ဖြစ်ကြောင်း ပြောပါတယ်။

Kachin State Comprehensive University (KSCU) ဖွင့်လှစ်ခြင်း ရည်ရွယ်ချက်ကို NUG ပညာရေးဝန်ကြီးဌာန ဒု-အဓိပတိ ပြောတာက “ကချင်ပြည်နယ်နဲ့ နယ်စပ်ဒေသတွေမှာရှိတဲ့ ပြည်သူများ အဆင့်မြင့်ပညာရေး လက်လှမ်းမှီစေဖို့ ရည်ရွယ်ထားသလို အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် လိုအပ်တဲ့အရာများကို ဖြည့်ဆည်းပေးနိုင်ဖို့၊ စိုက်ပျိုးမွေးမြူရေး၊ နယ်မြေပြဿနာများကို ပညာရေးဖြင့် အဖြေရှာကြဖို့၊ ကချင်ပြည်နယ်ထဲမှာ နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်များနဲ့ ချိတ်ဆက်ဖွင့်လှစ်သွားနိုင်ဖို့နဲ့ အားလုံးယုံကြည်ကိုးစားလာမည့် တက္ကသိုလ်ဖြစ်တည်လာဖို့ မျှော်မှန်းထားပါတယ်” လို့ ပြောပါတယ်။

Kachin State Comprehensive University ကို ယခုနှစ် မေလ ၃၁ ရက်ကတည်းက ဖွင့်လှစ်နေပြီဖြစ်ပြီး ၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ထားသူများမှအပ အခြားပညာသင်နှစ်နဲ့ ကေအိုင်အိုအစိုးရကျောင်းများမှ ဆယ်တန်းအောင်မြင်ထားသူများကို လက်ခံသင်ကြားပေးနေပြီး မိုင်ဂျာယန်ကောလိပ် အောင်မြင်ထားသူများကတော့ တတိယနှစ်နဲ့ နောက်ဆုံးနှစ်အတန်းကို ဝင်ရောက်သင်ကြားနိုင်မှာဖြစ်ပါတယ်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို KIC ဒု ဥဣဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော် ကိုယ်တိုင်တက်ရောက် အမှာစကားပြောဆိုခဲ့ကာ ကေအိုင်အိုမှ တာဝန်ရှိသူများ၊ NUG ပညာရေးဝန်းကြီးဌာနမှ တာဝန်ရှိသူများနဲ့ သက်ဆိုင်သူများ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

*