KPDF ပူပေါင်းတပ်နဲ့  အကြမ်းဖက် စစ်ကောင်စီတပ်ကြား စစ်ကိုင်းအစပ်တွင် တိုက်ပွဲပြင်းထန်နေ

ဇန်နဝါရီ ၂၅ ရက်၊​၂၀၂၃ ခုနှစ်။

ကချင်-စစ်ကိုင်းနယ်စပ် ကနီတွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်ဒေသကာကွယ်ရေးတပ် KPDF ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က နဘားကျေးရွာအနီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေချိန် KPDF ပူပေါင်းတပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။

ယခုရက်ပိုင်းအတွင်း ကသာအထက်ပိုင်း မိုးတားလေးကျေးရွာတဝိုက် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် KPDF ပူပေါင်းတပ်နဲ့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူရယူကာ တိုက်ခိုက်လာခြင်းကြောင့် အရပ်သားပြည်သူသေဆုံးထိခိုက်ရရှိမှုတွေနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေပါတယ်။

ကေအိုင်အေတပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေ ဖားကန့်မြို့အနီးတွင်လည်း ဇန်နဝါရီ ၂၃ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရပါတယ်။

မရှီကထောင် တရုတ်ဘုံကျောင်းတွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၇၆ နဲ့ ပြည်သူ့စစ်အဖွဲ့ အင်အား ၁၅ ဦးပါအုပ်စုကို ကေအိုင်အေရဲဘော်များမှ မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုမနက်တွင်လည်း နှစ်ဖက်တပ်များ ယူမာကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

*