ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state) ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း ၃၆ နယ်မြေဖြစ်တဲ့ ဖွန်ပျန်ယန်နဲ့ နမ့်ခေါင်ဘွမ်ကြား ဇန်နဝါရီ ၅ ရက်နေ့ မနက် ၁၀ နာရီကနေ ၁၁ နာရီအထိ ကေအိုင်အေတပ်နဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဆိုပါတိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ အထိအခိုက် ကျဆုံးမှုများပြားခဲ့တာကြောင့် မိုင်ဖန်ကျေးရွာတွင် တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်နဲ့ မူဆယ် ၁၀၅ မိုင်ရှိတပ်တို့က လက်နက်ကြီးပစ်ကူပေးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ယမန်နေ့မှာပင် နမ့်ခမ်းမြို့အနီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် နမ့်ခမ်းမြို့ ဘန်လုံကျေးရွာ၊ မန်ဒုန်ဝန်ဇွပ်ရပ်ကွက်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် ရှဒေါင်ရွယ်ဂျာ၊ ရှဒေါင် ထုလွမ်၊ ဇိန်ထုန်းတူးရိန်၊ ဖောရမ်ရွယ်၊ အင်ခွမ်လုနဲ့ ဇိန်ထုန်းဆွတ်ရိန်နဲ့ ၂ နှစ်အရွယ်၊ ၅ နှစ်အရွယ် ကလေးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် နမ့်ခမ်းပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေကြပါတယ်။
ဖော့မှော်နဲ့ ဘန်တောင်ဘွမ်တဝိုက်တွင်လည်း ယမန်နေ့ညနေပိုင်း ၃ နာရီခွဲကနေ ၄ နာရီထိ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ် ၂ စီး အသုံးပြုကာ လာရောက်တိုက်ခိုက်မှု ရှိခဲ့ကြောင်း သိရပါတယ်။