KIA, PDF ပူးပေါင်းတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ဖားကန့်လမ်းတွင် တိုက်ပွဲပြင်းထန်

ဖားကန့်မြို့နယ်၊ ကပ်မှော်စွပ်ကျေးရွာအုပ်စု၊ ဆိုင်ဖရာကျေးရွာအနောက်ဘက် Manu Pa သွားလမ်း သစ်ခွဲစက်ရုံဟောင်းအနီးတွင် ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၇ နာရီခွဲက စစ်ရေးလှုပ်ရှားနေတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၄၄)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်နဲ့ နှစ်ဖက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၁၁၁ မှ​အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက Manu Pa ဘက် ထိုးစစ်ဆင် လှုပ်ရှားလာစဉ် KIA နဲ့ PDF ပူးပေါင်းတပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာကြောင့် ယမန်နေ့ည ၆ နာရီကတည်းက တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာဘက် အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယဉ် ၂ စီး၊ ရဟတ်ယဉ် ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို နေ့လည် ၁၂ နာရီကနေ ၁ နာရီကြားတွင် ပြုလုပ်ခဲ့ကြောင်း ရှေ့တန်းသတင်း ရင်းမြစ်ကပြောပါတယ်။

စစ်ရေးလှုပ်ရှားနေတဲ့ ခမရ ၁၁၁ တပ်က ဖေဖော်ဝါရီ ၂ ရက်နေ့က ကားမိုင်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်ကာ နန့်ယားတပ်စခန်းတွင် တစ်ခေါက်နားကာ ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မာနော်မှော်ကျေးရွာအနီးရှိ ဒညှင်းခြံအရောက်တွင် KIA နဲ့ PDF ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ် နန့်ယားတပ်စခန်းက ညနေပိုင်း ၈ နာရီခန့်တွင် ၈၀-မမ လို့ခန့်မှန်းရတဲ့ လက်နက်ကြီးဖြင့် ယနေ့ မနက်အထိ အချက် ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်မှုမရှိပေမယ့် စိုးရိမ်ဖွယ်ဖြစ်လာတာကြောင့် မာနော်မှော် ကျေးရွာ၊ ကွမ်ဆိုင်ကျေးရွာ၊ ဂေါ်လုယန်ကျေးရွာနဲ့ ခရိုင်ရုန်းကျေးရွာရှိ အိမ်ထောင်စု ၂၀ ကျော် လူဦးရေ ၁၀၀ ဝန်းကျင်က ဆိုင်ဖရာကျေးရွာ ဘုရားကျောင်းဝင်းနဲ့ ဆွေမျိုးနေအိမ်အချို့ဘက် တိမ်းရှောင်ခဲ့ကြရကြောင်း သိရပါတယ်။

Leave a Reply

*