ကချင်ပြည်နယ် ပူတာအိုခရိုင်၊ ဆွမ်ပီယန်ကျေးရွာ၊ ရှိန်ဂတ်ဘွမ်တဝိုက် ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နေ့လည် ၁၁ နာရီခန့်တွင် မြန်မာအကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၇) တို့ နှစ်ဖက် လက်နက်ကြီးများ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်း ၂ နာရီခွဲခန့်က ရှိန်ဂတ်ဘွမ်တွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၁၃၈နဲ့ ၄၆ တို့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် KIA နဲ့ PDF ပူးပေါင်းတပ်တို့မှ ခုခံတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ညနေပိုင်း ၄ နာရီခွဲအချိန်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဆိုပါတိုက်ပွဲဖြစ်ပွားမှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရရှိမှုတွေရှိခဲ့ကာ KIA နဲ့ PDF ပူးပေါင်းတပ်ကတော့ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ရှိန်ဂတ်ဘွမ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တို့က စစ်ရေးအရ စောင့်ကြည့်နေတာဖြစ်ပြီး နှစ်ဖက်တပ်အနေဖြင့် အချိန်မရွေး ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်ကြောင်း သိရပါတယ်။
ဖေဖောဝါရီ ၁ ရက်နေ့က ဆွမ်ပီယန်တွင် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့မှုရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုပြုလုပ်လာခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ နေအိမ်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ကာ တောတွင်းနေရာဘက် တိမ်းရှောင်ခဲ့ကြရပါတယ်။