KIA, PDF ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ စစ်ကောင်စီတပ် သေဆုံးမှုများပြား 

ပူတာအိုမြို့နယ်၊ အင်စီယန်ကျေးရွာအနီး ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်း ၄ နာရီအချိန်ခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အေ တပ်မဟာ (၁) တပ်ရင်း (၇) ဒေသဖြစ်တဲ့ အဆိုပါနယ်မြေဘက် ပူတာအိုဘက်မှ အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား (၁၀၀) ဝန်းကျင်ဖြင့် ထိုးစစ်ဆင်လာကာ ကျိမ်ကပ်ဘွမ် တပ်စခန်းဘက် စစ်အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကြောင်းဖြစ်တာကြောင့် KIA, PDF ပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ပြီး နှစ်ဖက် အပြန်အလှန် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားအပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ​ သေဆုံးထိခိုက်မှု များပြားခဲ့ကာ ကျိမ်ကပ်ဘွမ် တပ်စခန်းမှ​လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။

ပူတာအိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်ကြား ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတာဖြစ်ကာ လုန်ရှာယန်၊ အင်စီယန်၊ ဖတ်မာနဲ့ ဆွမ်ပီယန် စတဲ့ကျေးရွာမှ​ဒေသခံ ၂ ထောင် ဝန်းကျင်က တာတွင်းနေရာများဘက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီများစွာလည်း လိုအပ်လျက်ရှိနေပါတယ်။

 ထို့အပြင် စစ်ကိုင်းတိုင်း အင်ဒေါင်းကျေးရွာနဲ့ ကြက်တကောင်းကျေးရွာကြားတွင် ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်း ၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

မုံရွာမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၂၁) တပ်မှ​အင်အား ၆၀ ပါ စစ်ကြောင်းက အဆိုပါနေရာဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် KIA, PDF ပူးပေါင်းတပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ကာ တစ်နာရီကြာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ​ ၄၀ ဝန်းကျင် သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ကြောင်း ခိုင်လုံသတင်းရင်းမြစ်အရ သိရပါတယ်။

Leave a Reply

*