ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state) မုံးပေါ်ဒေသ၊ နန့်ခေါင်တောင်ကြော မိုင်းဘောင်ကုန်းတွင် ယမန်နေ့ ဇွန်လ ၁ ရက်နေ့ နေ့လည်ပိုင်း ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, MNDAA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မုံးပေါ်ဒေသဘက်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၄၂၀) က အင်အား ၇၀ ပါစစ်ကြောင်းဖြင့် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာကာ ကေအိုင်အေ နယ်မြေဘက် ရောက်ရှိလာခြင်းကြောင့် KIA, MNDAA ပူးပေါင်းတပ်မှ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို မေလ ၃၁ ရက်နေ့က ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သလို KIA, MNDAA ပူးပေါင်းတပ်နဲ့လည်း ထိပ်တိုက် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။
တရားမဝင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က လက်ရှိအချိန်တွင် ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ တပ်စခန်းနဲ့ ထိစပ်နေတဲ့ နေရာများတွင် စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်အင်အား လက်နက်အင်အားနဲ့ ရိက္ခာဖြည့်တင်းမှုတွေ တိုးမြင့်လုပ်ဆောင်နေမှုတွေက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများကို ခပ်စိတ်စိတ် ပြုလုပ်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။