KIA, MNDAA နဲ့ တိုက်ပွဲပြင်းထန်နေမှုတွင် အကြမ်းဖက် စစ်ကောင်စီက တိုက်လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးပေါ်မြို့၊ မန်းကိုင်ကျေးရွာဟောင်းအနီး ယနေ့ ဇန်နဝါရီ ၂၉ ရက် မနက် ၁၁ နာရီခွဲခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၃၆) တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၄၂၀) တပ်လို့ ခန့်မှန်းရတဲ့ စစ်ကြောင်းက စစ်အင်အား ၆၀ ဝန်းကျင်ဖြင့် ကေအိုင်အေ နယ်မြေဘက် စစ်ရေးလှုပ်ရှား ခြေလျင်ဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်ပြီး နှစ်ဖက် မိနစ် ၂၀ ကျော် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့မှာတော့ ကေအိုင်အေ တပ်မဟာ (၄) နယ်မြေ၊ မုံးယော်နဲ့ တပ်မဟာ ၁၀ တပ်ရင်း ၁၇ နယ်မြေ မန်မတ်အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခြင်းကြောင့် ကိုးကန့်တပ်မတော် MNDAA တပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်က ကချင်ပြည်နယ်ဘက်တွင်လည်း စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတာကြောင့် ဇန်နဝါရီ ၂၇ ရက်နေ့ကစတင်ပြီး ၅ နေရာထက်မနည်း ကေအိုင်အေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

Leave a Reply

*