ဖားကန့်မြို့နယ်၊ လဝါးကျေးရွာနဲ့ ဒွန်ဘန်ကျေးရွာကြား ယနေ့ ဇွန်လ ၃၀ ရက်နေ့ မနက် ၅ နာရီခွဲခန့်တွင် စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, KPDF ပူးပေါင်းအဖွဲ့ကြား နှစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကေအိုင်အေတပ်မဟာ (၂) တပ်ရင်း (၂၀) နယ်မြေဖြစ်တဲ့ အဆိုပါဒေသတွင် လဝါးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ညအိပ်စခန်းချပြီး စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၉၈) က အင်အား ၆၀ ဝန်းကျင်ဖြင့် လယ်ကွင်းအရောက် KIA, KPDF ပူးပေါင်းအဖွဲ့ စောင့်ကြိုတိုက်ခိုက်ပြီး မိနစ် ၂၀ မျှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ယနေ့မနက်မှာပင် အင်အား (၆၀) ဝန်းကျင်ပါတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အခြားစစ်ကြောင်းတစ်ခုကလည်း ဆိုင်လင်းဘက်အခြမ်းကနေ စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှစ်ခုက အင်အား ၁၀၀ကျော်ဖြင့် မရန့်ကထောင်ကျေးရွာကနေ ထွက်ခွာလာတဲ့ ခလရ (၂၉၈) တပ်ဖွဲ့ဖြစ်ပြီး လဝါးကျေးရွာရှိ ခရစ်ယာဉ်ဘုရားကျောင်းဝင်းအတွင်း ညအိပ်ရပ်နားကာ နှစ်ဖွဲ့ခွဲပြီး စစ်ရေးလှုပ်ရှားလာစဉ် KIA, KPDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သား အချို့က လဝါးတွင် ဆက်လက်စခန်းချနေကာ အချို့ကတော့ ဒွန်ဘန်ကျေးရွာဘက် ချီတက်သွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။