KIA တပ်မဟာ (၈)၊ တပ်ရင်း (၅) ရဲ့ ဦးဆောင်မှုနဲ့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တည်ရှိရာ ယာယီစခန်းဘက်ကို အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုက ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ ၄ ရက်ကြာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း KPDF ကိုယ်စား စစ်ကိုင်းတိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ SPDF ကထုတ်ပြန်လိုက်ပါတယ်။

ထိုလေးရက်ကြာတိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုဘက်မှ ၂၀၀ နီးပါးသေဆုံးကာ ၁၀၀ နီးပါးလည်း ဒဏ်ရာရရှိခဲ့ကြသလို ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ၃ ဦးကျဆုံးခဲ့ရကာ ၃ ဦးကတော့ အဆက်အသွယ်မရ ဖြစ်နေကြောင်း သိရပါတယ်။
ဇူလိုင် ၅ ရက်နေ့တိုက်ပွဲမှာတော့ အလော့ဘွမ်ပြန် တပ်မ (၈၈) ကသာတပ်ရင်း (၃၀၄)နဲ့ (၃၀၉) တို့က မြို့လှကျေးရွာအနီး ထိုးစစ်ဆက်လာစဉ် ည ၉ နာရီခန့်တွင် အသင့်ထောင်ထားတဲ့ မိုင်း (၂) လုံး နင်းမိကာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။
ဇူလိုင် ၆ ရက်နေ့ မနက် ၈ နာရီခန့်မှာတော့ ကောက်ကွေ့ချောင်းအတိုင်း တက်လာတဲ့ အာဏာသိမ်းစစ်တပ် စစ်အင်အား ၁၀၀ ပါ စက်လှေ ၃ စီးကို RPG ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်စဉ် ၂ စီးနစ်မြုပ်ပျက်စီကာ စစ်ကောင်စီဘက်မှ ၆၀ ဦးထက်မနည်း သေဆုံးကာ ကျန် ၁ စီကတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုရဲ့ နယ်မြေ ဗျူဟာမှူးကိုယ်တိုင် ဦးဆောင်ပြီး ဇူလိုင် ၇ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်လာရာမှာတော့ အသင့်ထောင်ထားတဲ့ မိုင်း (၄) လုံးမိကာ ဗျူဟာမှူးအပါအဝင် ၃၀ ထက်မနည်း သေဆုံးမှု ရှိခဲ့ကြောင်းလည်း သိရပါတယ်။
ယမန်နေ့ ဇူလိုင် ၉ ရက်နေ့မှာတော့ ကေအိုင်အေ၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် လေကြောင်း ပစ်ကူရယူကာ ခြေလျင်ထိုးစစ်ဆက်တိုက်ခိုက်လာစဉ် စစ်တပ်ဘက်မှ ၅၀ ဦးထက်မနည်းသေဆုံးပြီး ၇၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၃ ဦးကျဆုံး ၃ ဦးအဆက်အသွယ်ပျက်တောက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
ယမန်နေ့ ညနေပိုင်းမှာတော့ ကသာ တပ်ရင်း (၃၀၉) အဖွဲ့မှ မြို့လှကျေးရွာဘက် စစ်ကူလာရောက်တဲ့ စစ်ကား ၂ စီးကို ပေါမမြိုင်ကျေးရွာနဲ့ ကသာကားကြီးကွင်းကြား ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၀ ဦးကျဆုံးမှု ရှိခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံး ၁ လုံး ပစ်ခတ်ပေမယ့် ထိခိုက်မှတော့ မရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုမှ ယခုရက်ပိုင်းတွင် မိုးတားကြီးအုပ်စု၊ မိုးသားလေးအုပ်စု၊ အုပ်ချေ၊ မြို့လှ၊ မှတ်တိုင်၊ နမ့်စန်း၊ ဆူးပုတ်ကုန်းရွာ အနီးတဝိုက်တွင် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားများကို မြုပ်နှံမှုရှိနေကာ ဒဏ်ရာရသူများကိုတော့ ရေကြောင်းဖြင့် သယ်ယူနေမှု ရှိခဲ့ကြောင်း သိရပါတယ်။
ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ Facebook စာမျက်နှာ နည်းပညာအခက်အခဲကြောင့် အသုံးပြုမရသေးတာကြောင့် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စပ်ဆိုင်တဲ့ သတင်းအချက်အလက်များကို စစ်ကိုင်းတိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ SPDF စာမျက်နှာမှသာ ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးပါတယ်။