ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်ရှိ ဆယ်ဇင်းကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့ ပူးပေါင်းပြီး ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းနဲ့ လက်ဝေခံ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်အပြီး ယနေ့မှာတော့ စစ်ကောင်စီရဲစခန်းကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
ဆယ်ဇင်းကျေးရွာအတွင်းရှိ ရဲစခန်းကို KIA, KPDF ပူးပေါင်းတပ်တို့ နေ့လည် ၁ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ သေဆုံးထိခိုက်မှု အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
တိုက်ပွဲပြင်းထန်ပြီး ညနေပိုင်း ၃ နာရီခွဲခန့်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခြင်းနဲ့ နေအိမ်အချို့ ဗုံးဒဏ်သင့်ပြီး ပျက်စီခြင်းတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာတော့ ဆယ်ဇင်းဒေသခံများက စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်လာမည်ကို ကြိုတင်ခန့်မှန်းကာ ယမန်နေ့ကတည်းက ဒေသခံအများအပြား နီးစပ်ရာကျေးရွာများဘက်ကို ကြိုတင်ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
ယမန်နေ့ စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၁၉) တပ်နဲ့ SNA တပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။