ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုန်မြစ်စင်လီ၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ပန်ခမ်း၊ လားရှိုးဒေသများတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA အမည်အသုံးပြုကာ ငွေကြေးလိမ်လည်ကောက်ခံမှုတွေ ရှိနေကြောင်း သိရပါတယ်။
ငွေကြေးလိမ်လည်ကောက်ခံနေသူများက Myanmar Independent Study ဆိုတဲ့အဖွဲ့ဖြစ်ပြီး KIA အမှတ်တံဆိပ်ကို ဖြတ်ပိုင်းတွင် ရိုက်နှိပ်ထားကာ အခွန်ကောက်ခံနေကြတာဖြစ်ပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့ကလည်း တန့်ယန်းမြို့ရှိ ဈေးဆိုင်နဲ့ စားသောက်ဆိုင်ကြီးများတွင် ကေအိုင်အေတပ်မှဖြစ်ကြောင်း ဖုန်းဆက်ကာ အခွန်ထည့်သွင်းဖို့ ငွေကြေးလိမ်လည်တောင်းခံနေမှု ရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရပါတယ်။
“ယခုလို KIO/KIA သတ်မှတ်ပေးထားတဲ့ အခွန်ဖြတ်ပိုင်းမဟုတ်ဘဲ ကေအိုင်အေ အမည်အသုံးပြုကာ ငွေကြေးတောင်းခံနေမှုက KIO/KIA ကို နာမည်ပျက်စေအောင် ရည်ရွယ်ပြီး လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့တစ်ဖွဲ့က ပြုလုပ်နေတာဖြစ်တာကြောင့် ပြည်သူများက ခွဲခြားသိတတ်ကာ အားလုံးအတူတကွ တိုက်ထုတ်လိုက်ရပါမယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
တန့်ယန်းမြို့နယ်က Kachin Sub-state ဒေသအပြင်ဘက်တွင် တည်ရှိနေပြီး ကေအိုင်အေမှ တပ်စွဲနေရာယူထားခြင်း မရှိတာကြောင့် ငွေကြေးမပေးရင် ရန်ပြုလာမှာကိုလည်း တန့်ယန်းဒေသခံများက စိုးရိမ်နေကြပါတယ်။