KIA တပ် ဝင်ရောက်တိုက်ခိုက်ရာ ဝူယန်ပြည်သူ့စစ် ၁၀ ဦးထက်မနည်းသေဆုံးဒဏ်ရာရကာ လက်နက်များသိမ်းဆည်းရရှိ

ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာတွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ယနေ့ ဇူလိုင် ၂၈ ရက်နေ့ မနက် ၂ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော်မှ ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်အတွက် လက်ကိုင်တုတ်အဖြစ် တာဝန်ထမ်းဆောင်နေကြတဲ့ အဆိုပါ လီဆူပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်စဉ် ပြည်သူ့စစ်အဖွဲ့မှ ၁၀ ဦးထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန် မနက် ၄ နာရီခန့်ထိ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေခဲ့ကာ ဝူယန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ပြီး နေအိမ်ပျက်စီးခြင်းနဲ့ ဒေသခံတွေ ထိခိုက်မှုတွေ မရှိခဲ့ကြောင်း သိရပါတယ်။

ဝိုင်းမော် – ဆဒုံ့လမ်းမပေါ်ရှိ ဝူယန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အရှေ့တွင် တပ်စွဲနေရာယူနေတဲ့ ဝူယန်ပြည်သူ့စစ်အဖွဲ့က ဖြတ်သန်းသွားလာတဲ့ ခရီးသွားပြည်သူများနဲ့ ဒေသခံများကို ခြိမ်းခြောက် ငွေကြေးတောင်းခံမှုတွေ ရှိနေခဲ့တာဖြစ်ပြီး တပ်စခန်းချဖို့လည်း ဒေသခံများကို ကြိုတင်အကြောင်းကြားခြင်း တစ်စုံတစ်ရာမရှိ တပ်စွဲနေထိုင်နေတာဖြစ်ပါတယ်။

Leave a Reply

*