ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်-နမ့်ဖတ်ကာ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ခိုမုန်းရွာ၊ ကောင်ရန်းကုန်းအနီး ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၈ နာရီခွဲခန့်ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက် နေ့လည် ၁၀ နာရီခန့် တွင်လည်း နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သလို အကြမ်းဖက် စစ်ကောင်စီတပ်က ကေအိုင်အေတပ်မဟာ ၆ နဲ့ တပ်မဟာ ၂ နယ်မြေများဘက် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအိုင်အေတပ်ရင်း ၉ နယ်မြေဘက် စစ်အင်အားတိုးချဲ့ကာ ကေအိုင်အေတပ်စခန်းအနီးဘက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်တိုက်ရှိနေပြီး ညနေပိုင်း ၂ နာရီခွဲခန့်အချိန်ထိ လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားနေရကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေချိန် တံတားဦးလေတပ်စခန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်တစ်စီးက နေ့လည် ၁၂ နာရီခန့်တွင် ၂ ကြိမ်တိုက် လာရောက်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ညနေပိုင်း ၂ နာရီခွဲတွင်လည်း ကောင်ရန်းကျေးရွာစောင်းဘက် တစ်ကြိမ်ထပ်မံရောက်ရှိလာကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေပိုင်း ၇ နာရီခန့်တွင်လည်း ကေအိုင်အေတပ်ရင်း ၉ နယ်မြေ နမ့်အွမ်ဆောင်ဆိုင်းတွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ ၉၉ တပ်ကို ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
ညနေပိုင်း ၆ နာရီခန့်တွင် ကေအိုင်အေတပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေ နမ့်ဖတ်ကာ ရှိအကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၁၂၃ တပ်ကို ကေအိုင်အေတပ်မှ လက်နက်ကြီးများဖြင့် ဝင်ရောက်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။