ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၃ ခုနှစ်။
ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) တပ်ရင်း ၄၁ နယ်မြေတွင် ယနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၁ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်မှဂျက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
မန္တလေးမြို့ တံတားဦးလေတပ်စခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် ၃ စီးက ကေအိုင်အေတပ်များ နေရာယူနေလို့ ယူဆတဲ့နေရာများတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်များဖြင့်လည်း ပစ်ခတ်မှု လုပ်ဆောင်သွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရသိရပါတယ်။
ယနေ့မနက် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းအစပ် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာတွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်မှ ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ ဒေသကာကွယ်ရေးတပ်ဘက်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်နယ်နဲ့တိုင်းအချို့ရှိ မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ် ဖေဖော်ဝါရီ ၂ ရက်နေ့က ကြေညာထားတာဖြစ်ပြီး မြင်းမူမြို့နယ်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး တိုက်ပွဲများပြင်းထန်လာဖွယ်ရှိနေပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲခန့်မှာတော့ စစ်ကိုင်းတိုင်းဒေသ၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်ဒေသကာကွယ်ရေးတပ် KPDF ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များပြားခဲ့တာကြောင့် လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်လာစဉ် KPDF တပ်ပေါင်းစုဘက်မှ စစ်လေယာဉ် တစ်စီးကို ပစ်ခတ်နိုင်ခဲ့ပါတယ်။
ရွှေပြည်အေးမြို့သစ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းခြင်း ၂ နှစ်ပြည့်နေ့တွင် KIA တပ်နဲ့ မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး နေ့စဉ်ရက်ဆက် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲများပြင်းထန်နေတာဖြစ်ပြီး လေကြောင်းဖြင့် ဗုံးကြဲမှုတွေလည်း နေ့တိုင်းရှိနေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နဲ့ TNLA တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုပြုလုပ်နေပြီး နှစ်ဖက်တိုက် စစ်အင်အားတိုးမြင့်ကာ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရပါတယ်။