တနိုင်းမြို့နယ် နမ့်ဖျက်နဲ့ ကောင်ရာကျေးရွာကြား ယုဇနလမ်းတွင် အောက်တိုဘာ ၄ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၄၃ တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်အင်အား ၇၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ ခမရ (၃၉၀) တပ်က ထိုဒေသတဝိုက် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာခြင်းကြောင့် ကေအိုင်အေမှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၂၉၇) တပ်မှ စစ်ရေးလှုပ်ရှားလာတဲ့ ခမရ (၃၈၉) တပ်လို့ ခန့်မှန်းရတဲ့ တပ်အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းနဲ့ မနက် ၁၀ နာရီခွဲခန့်တွင် ခေါင်လိုချောင်းနဲ့ ဂျမ်ဘူတောင်ကြား ခိန်ဂေါ်ချောင်းတွင် ကေအိုင်တပ်မှ ခုခံတိုက်ခိုက်အပြီး ၁၅ မိနစ်လောက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
စက်တင်ဘာလကစတင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်က တနိုင်း-လီဒိုလမ်းပိုင်းတွင် စစ်အင်အားတိုးချဲ့ခြင်း၊ စစ်လက်နက်ခဲယမ်းများဖြည့်တင်းခြင်း၊ ထောက်ပို့ခြင်းများကို လုပ်ဆောင်နေတဲ့အပြင် တိုက်ပွဲအနည်းငယ်ဖြစ်တိုင်း ကျေးရွာများဘက် လက်နက်ကြီးလက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်နေတဲ့အပြင် ဒေသခံပြည်သူများနဲ့ ခရီးသွားပြည်သူများကို အပြင်းအထန်စစ်ဆေးခြင်းများ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူများက စိုးရိမ်စိတ်ဖြင့် သတိကြီးစွာ နေထိုင်နေကြရပါတယ်။