KIA တပ်မဟာ ၂ ခုတွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၈) ဒေသ, စင်လီကောင်ရာအနီး ယနေ့ စက်တင်ဘာ ၂၈ ရက် မနက် ၉ နာရီခန့်တွင် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၇၇)နဲ့ (၁၀၁) ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၇ ရက်နေ့ကတည်းက စစ်ကြောင်း သုံးခုဖြင့် ကေအိုင်အေနယ်မြေဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် တိုက်ပါဲများဆက်တိုက်ဖြစ်ပွားနေကာ စစ်ကောင်စီတပ်မှ တပ်အင်အားထပ်မံတိုးမြင့်ကာ ဆက်လက်ထိုးစစ်လာနေတာကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်ဖို့ရှိနေပြီး အဆိုပါဒေသများတွင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခြင်းကို ခံထားရပါတယ်။

ကေအိုင်အေ တပ်မဟာ (၁၀) တပ်ရင်း (၂) နယ်မြေ ပန်တိနဲ့ နာတိကြား ယနေ့ မနက် ၉ နာရီခွဲကနေ နေ့လည် ၁၂ နာရီခွဲအချိန်ထိ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား ၇၀ ဝန်းကျင်ဖြင့် နာတိဘက်ကနေ ကွမ်းလုံဘက် ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကေအိုင်အေတပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေတဝိုက်တွင်လည်း ကွတ်ခိုင်မြို့ကနေ အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာမှုတွေရှိလာခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လာဖွယ်ရှိနေကြောင်း သိရပါတယ်။

ပွင်းလင်းရာသီရောက်ရှိလာတာနဲ့အမျှ ကချင်ပြည်နယ်တလွှားနဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသများရှိ ကေအိုင်အေ နယ်မြေနဲ့ထိစပ်နေရာများတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း စစ်ရေးပြင်ဆင်မှုတွေ၊ စစ်အင်အား လက်နက်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရပါတယ်။

Leave a Reply

*