ဒေါ့ဖုန်းယန်မြို့နယ်ကနေ မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ရှိ တပ်များနဲ့ ရက္ခိုင့်တပ်တော် (AA)တို့ပူးပေါင်းပြီး တာဆိုင်းအနီး နောင်ဖာတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကာ အလော့ဘွမ်ဘက်မှာတော့ စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာဒေသများတွင် စစ်အင်အား လက်နက်အင်အားတိုးချဲ့ ဖြည့်တင်းမှုတွေ လွန်ခဲ့သောအပတ်ကတည်းက လုပ်ဆောင်လာခဲ့ရာမှာ ဒေါ့ဖုန်းယန်မြို့နယ်၊ မိုးမောက်မြို့နယ်များလည်း ပါဝင်နေတာကြောင့် အချိန်မရွေး တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
ထို့ပြင် ယမန်နေ့ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်မှာတော့ နွမ်လ့န်ကျေးရွာမှ ချန်တွမ်ဘွမ် (Shang Htung Bum) ဘက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်များကို ကေအိုင်အေဘက်မှ ဆီးကြိုတိုက်ခိုက်ခဲ့ကာ နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကချင်ပြည်နယ်နဲ့ သျှမ်းပြည်မြောက်ပိုင်းဒေသများတွင် ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေက နေ့စဉ်နဲ့အမျှရှိနေကာ ကေအိုင်အေ တပ်မဟာနယ်မြေ အနည်းဆုံး ၆ နေရာခန့်တွင် တိုက်ပွဲဖြစ်ပွားနေပါတယ်။