ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၅) နယ်မြေ ကဒေါ့ဘွမ် (Kadaw Bum) တွင် ယနေ့ မေလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ KIA တပ်ကြား နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကာ ကေအိုင်အေ တပ်ရင်း (၂၇) နယ်မြေ မဒန်ယန်ကျေးရွာဘက်ကိုတော့ စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ယမန်နေ့မှာတော့ ကားမိုင်းမြို့ရှိ အာဏာသိမ်းစစ်တပ် ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ဆီအန်လယ်တောဘက်ကို အကြောင်းအရင်းမရှိ တစ်ကြိမ် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကာ အထိအခိုက်တော့ မရှိကြောင်း သိရပါတယ်။
ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား ကချင်ပြည်နယ်အပြင် သျှမ်းပြည်မြောက်ပိုင်းရှိ ကေအိုင်အေ တပ်မဟာ (၄)၊ တပ်မဟာ (၆) နဲ့ တပ်မဟာ (၁၀) ဒေသအချို့တွင်လည်း နှစ်ဖက်ရင်ဆိုင် တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်နေပါတယ်။
အာဏာသိမ်းစစ်တပ်မှ နိုင်ငံတဝှမ်း မေလ တစ်လသာ အပစ်အခတ်ရပ်စဲထားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပေမယ့် KIA နယ်မြေဘက်မှာတော့ စစ်အင်အား၊ လက်နက်အင်အားတိုးချဲ့တာအပြင် မြေပြင်ထိုးစစ်၊ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကို ဧပြီလကစတင်ပြီး ယနေ့အချိန်ထိ ကေအိုင်အေ တပ်မဟာ (၅) နယ်မြေဘက်တွင် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။